စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမော်တွင် ကျေးရွာ ၃ ရွာမှ စစ်ရှောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၃ ခုမှ စစ်ကြောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ဧပြီလ ၂၆ ရက်နေ့မှစတင်ကာ တိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ခဲမနိုင်၊ နမ့်သဲနှင့် မံစီမြို့နယ် နမ့်အူကြီး စသည့် ကျေးရွာ ၃ ခုမှ အိမ်ထောင်စု ၃၀ ဝန်းကျင်နှင့် လူဦးရေ ၈၀ ဝန်ကျင်အထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မံသာ ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူက တစ်ဦးက KNG ကိုပြောသည်။

ခုလောလောဆယ်အရေးပေါ်လိုအပ်နေတာက အဓိကအစားအသောက်နဲ့ ယာယီနေဖို့ မိုးကာတဲတွေလိုအပ်တယ် ခုကမိုးတွင်းရောက်လာပြီဆိုတော့ ဆေးတွေလည်းအရေးပေါ်လိုအပ်နေပါတယ်ဟုပြောသည်။

အဆိုပါ စစ်ရှောင်များထဲတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင်နေသည့်အတွက် နာမကျန်သူများအတွက် ဆေးဝါအကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့တွင် စင်းခန်းကျေးရွာမှ အဆိုပါ ကျေးရွာ ၃ ရှိသည့် နေရာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဆက်လက်သိရသည်။

ဒီမနက်ထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ရော ပစ်နေကြတုန်းဟုတ်တယ်။ တိုက်ပွဲဖြစ်တာ ၃ ရက်ရှိပြီ။ တိုက်ပွဲစဖြစ်တဲ့ ပထမနေ့က ညနေပိုင်းကတော့ နာရီဝက်လောက်ဘဲဖြစ်တယ်။ မနေ့ကစပြီး တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ပြောလို့ရတယ်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတိုက်ပွဲပြင်းထန်းနေသည့် ခဲမနိုင်၊ နမ့်သဲ၊ နမ့်အူကြီးကျေးရွာ စသည့် ကျေးရွာများသည် စင်းခန်းကျေးရွာမှ ၁၅ မိုင်ခန့်အကွာတွင်ရှိသော ကျေးရွာများဖြစ်ကြပြီး စစ်ကောင်စီတပ် အခြေစိုက်ထားသော တပ်စခန်းများမရှိဘဲ တိုက်ပွဲဖြစ်ပွားနေခြင်းလည်းဖြစ်သည်ဟု ဒေသခံများပြောသည်။

သို့သော စင်းခန်းကျေးရွာတွင် တပ်ချထားသည့် စစ်တပ်စခန်းတစ်ခုရှိသဖြင့် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်မှုများပြုလုပ်ကာ ပထမဆုံးအကြိမ်တိုက်ပွဲပြင်းထန်းမှု ဖြစ်ပွားနေပြီး ကျေးရွာ ၃ ခု၏ စစ်ရှောင်ပြည်သူများသည် မံသာ ကချင်နှစ်ခြင်းဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button