စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများ အတွက် နေအိမ်အကူအညီများလိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကွတ်ခိုင်မြို့နယ် နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများအတွက် ဘေးကင်းလုံခြုံစွာနေထိုင်ရန် နေအိမ်အကူအညီများလိုအပ်နေ စစ်ရှောင်များထံမှ သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက်နေ့တွင် နေရပ်ပြန်ပြီဖြစ်သော်လည်း နေအိမ်မရှိသေးသည့်အတွက် မိုးကာတဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန်စစ်ရှောင်တစ်ဦးက KNG က ပြောသည်။

ဒီကောင်းလိင်တွေက သူတို့ရဲ့ အိမ်ယာမှာဘဲ ပြုပြင်ပြီးနေထိုင်တဲ့သူတွေရှိတယ်၊ တစ်ချို့ကတော့ မိုးကာတဲတွေလုပ်ပြီးနေနေကြတယ်၊ ပြီးတော့ မန်လုံတွေက နဂိုနေရာမှာ မဟုတ်တော့ဘဲ ကားလမ်းနဲ့ နီးတဲ့ဘက်မှာ ရွေ့ပြောင်းနေနေကြတယ်ပြန်လည်ထူထောင်ရေးပုံစံပေါ့၊ ပြန်ရောက်တဲ့ အခါ တဲတွေ အိမ်တွေ ဆောက်တဲ့အချိန် အပေါ်မှာ မိုးဖို့ မိုးကာတွေတော့ပေးတယ်၊ အခုတော့ မိုးကာတွေနဲ့ ပဲအုပ်ပြီး ခိုလှုံနေကြတာပေါ့ဟုပြောသည်။

ယင်းနေရပ်ပြန် စစ်ရှောင်ပြည်သူများသည် စစ်ရှောင်စခန်းတွင်‌နေထိုင်စဉ်အတွင်း ကူညီထောက်ပံ့မှု မရရှိသည့်အပြင် မိမိဒေသမဟုတ်သည့်အတွက် လုပ်ကိုင်စားသောက်ရန် ခက်ခဲမှုများစွာ ရှိနေသောကြောင့် နေအိမ်မရှိသေးသော်လည်း နေရပ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြောင်း နေရပ်ပြန် စစ်ရှောင်တစ်ဦးက KNG ကိုအခုလိုပြောသည်။

အခုက ကုန်ဈေးနှုန်းတွေလည်း အရမ်းတက်လာတယ်၊ ဆန်ဆိုရင်လည်း ၈သောင်းခွဲက အနိမ့်ဆုံး၊ စစ်ရှောင်စခန်းမှာဆိုရင်လည်း အကူအညီ ဘယ်သူမှ ဘယ်ကမှ မရဘူးဆိုတော့ ကျွန်မတို့က ငွေကြေးကအစ အခက်အခဲအများကြီးရှိလာတယ်၊ ကျွန်မတို့ နေရာမှာဆိုရင်တော့ စိုက်ပျိုးရေးလုပ်ပြီးတော့ဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေရောင်းပြီး လိုအပ်တာတွေကိုလည်း ဝယ်နိုင်စားနိုင်မယ်၊ ကိုယ့်မိသားစု အသက်မွေးဝမ်းကြောင်းအတွက်လည်း အကူအညီဖြစ်စေနိုင်မယ် ဆိုပြီး ဆုံးဖြတ်ခဲ့တာပေါ့ဟုပြောသည်။

နေရပ်ပြန် စစ်ရှောင်များအား ကွတ်ခိုင် KBC အသင်းတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်း ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နေအိမ်ဆောက်လုပ်ပြင်ဆင်ရန်အတွက် လိုအပ်သည့်အရာများ၊ သောက်ရေများ၊ အစားအစာ၊ လျှပ်စစ်မီး၊ ဆေးဝါးနှင့် ငွေကြေးထောက်ပံ့မှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ၎င်းကဆက်ပြောသည်။

ကွတ်ခိုင်မြို့မှ ၇မိုင်ဝေးသည့် မန်လုံ‌ကျေးရွာနှင့် ၁၆ မိုင်‌ဝေးသည့် ကောင်းလိင်ကျေးရွာသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ စ၍ ကွတ်ခိုင် စစ်ရှောင်စခန်း၂ တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ခဲ့ပေ။

ယခုနှစ်တွင် မန်လုံမှ အိမ်ထောင်စု ၂၃စု၊ ကောင်းလိင်မှ အိမ်ထောင်စု ၆စု နှင့် လူဦးရေစုစုပေါင်း ၂၅၀ ဝန်းကျင် နေရပ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း ကောင်းလိင်မှ အိမ်ထောင်စု ၅ စု နေရပ်ပြန် ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button