စစ်ပြေးဒုက္ခသည်များသတင်း

ဂျာပူ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေ

ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားဗန်းမော် ကားလမ်းမပေါ်ရှိ ဂျာပူဒေသခံများသည် စစ်ရှောင်စခန်းမှ နေရပ်ပြန်လည် နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဂျာပူစစ်ဘေးရှောင်ပြည်သူများသည် မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လူဦးရေ ၅၀၀ ဝန်းကျင်ဖြင့် ကျေးရွာအတွင်းသန့်ရှင်းရေးနှင့် ဆုတောင်းခွန်အားယူခြင်းအစီစဉ်များ ပြုလုပ်ခဲ့ကြောင်း  စစ်ဘေးရှောင်တစ်ဦးက KNG ကိုပြောသည်။

ကျွန်တော်တို့က ကိုယ်ထူကိုယ်ထနဲ့ကြိုးစားနေကြတာဟုတ်တယ်၊ ကျွန်တော်တို့က ကျွန်တော်တို့ ဒေသကို ထားခဲ့ရတာ ကြာပြီဖြစ်တဲ့အတွက် ကိုယ့်ဒေသကို လာရောက်သန့်ရှင်းရေးလုပ်တယ်။ ကိုယ့်ဒေသမှာ ပြန်နေနိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုလုပ်တာပါ ယုံကြည်ခြင်းနဲ့ ဆုတောင်းပွဲလည်း လုပ်ခဲ့တယ်ဟုပြောသည်။

 

ဂျာပူဒေသခံများသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲကြောင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသူများ ဖြစ်သည်။

ဆယ်စုနှစ်တစ်စုကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် ရေရှည်စားဝတ်နေရေး ခက်ခဲမှုများရှိလာသည့်အတွက် မိမိတို့နေရပ်တွင် ပြန်လည်နေထိုင်ပြီး လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများ ယခုလိုနေရပ်ပြန်လည်နေထိုင်ရေးပြင်ဆင်နေသည့်အခြေအနေကို လက်နက်ကိုင်ထားသည့် နှစ်ဖက်စလုံး နားလည်မှုဖြင့် ပါဝင်ကူညီပေးရန် မျှော်လင့်ကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦး က ပြောသည်။

နှစ်ဖက်အစိုးရဘက်က နားလည်ပေးတယ်ဆိုရင် ကျွန်တော်တို့ကြည့်ပြီး ဖြေရှင်းလို့ရတယ်လေ၊ သူတို့ဘက်က နားမလည်ပေးဘူးဆိုရင် ကျွန်တော်တို့ ပြန်တယ်ဆိုရင်လည်း စိုးရိမ်ရတယ် ခက်ခဲတယ်၊ စစ်တွေပြန်ဖြစ်လာမှာ စိုးရိမ်တယ်၊ သူတို့ဘက်က နေရပ်ပြန်ရေးဆိုပြီး သေချာအတိအမှတ်ပြုပေးရင်ကတော့ ကျွန်တော်တို့ ဖြေရှင်းလို့ရတယ်လေဟုပြောသည်။

ဂျာပူ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိတို့စစ်ဘေးရှောင်ပြည်သူများ လုံခြုံစွာဖြင့် နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စလုံးထံ စာပေးပို့တောင်းဆိုထားသော်လည်း လက်ရှိချိန်ထိ တစ်စုံတစ်ရာပြန်လည် တုံ့ပြန်လာခြင်းမရှိသေးကြောင်း စစ်ရှောင်များက ပြောသည်။

မြစ်ကြီးနာ– ဗန်းမော် ကားလမ်းမပေါ်ရှိ ဂျာပူကျေးရွာနှင့်တစ်ဆက်တည်း တည်ရှိသော ဂါးရာယာန်၊ ဒဘတ်၊ ကဇူး စသည့် ကျေးရွာဒေသခံစစ်ရှောင်များသည်လည်း ပြီးခဲ့သည့်လပိုင်းတွင် နေရပ်ပြန်ပြီ ဖြစ်သည်။

Show More

Related Articles

Back to top button