သတင်း

မုန်တိုင်းသင့် ရခိုင်ဒေသအတွက် KIO မှ သိန်း ၃ထောင်လှူဒါန်း

မိုခါ မုန်တိုင်းကြောင်း လေဘေးသင့် ရခိုင်ဒေသ ပြည်သူများအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငွေကျပ်သိန်း ၃ ထောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့မှစပြီး မြန်မာပြည်သို့ ဝင်ရောက်လာသည့် အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ဒေသတွင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လူသားချင်းစာနာထောက်ထားမှုအကူညီဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး ဦးနော်ဘူက ပြောသည်။

“မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေကို စားသောက်ရေးခက်ခဲနေတဲ့အတွက် ကူညီရိုင်းပင်းတာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ မုန်တိုင်းသင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုလိုမိတ်ဆွေပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် မိမိတို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းလည်း ရက္ခိုင့်တပ်မတော် AA/ULA ဘက်မှ ဆိုထားသည်။

ထို့အပြင် မိုခါ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ရသော ရခိုင်ပြည်နယ်မှပြည်သူများအတွက်  ဆေးဝါး၊ စားနပ်ရိက္ခာ၊အမိုးအကာများနှင့် လိုအပ်သောကူညီထောက်ပံ့မှုများလည်း ဆက်လက်ပေးအပ်ကြရန် နိုင်ငံတကာအဖွဲ့အစည်းများအား ရက္ခိုင့်တပ်မတော် AA/ULA မှ မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် တောင်းဆိုထားသည်။

မေလ ၁၆ ရက်နေ့ထိ စစ်ကောင်စီတပ်၏ ထုတ်ပြန်ချက်အရ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၈ ဦးထိရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အဆိုပါ ၄၈ ဦးတွင် ဧရာဝတီမှပြည်သူတစ်ဦးပါဝင်ကာ ကျန်အများစုသည် ရခိုင်ပြည်နယ်မှဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button