သတင်း

ဗန်းမော်တွင် PDF တစ်ဦး စစ်တပ်အောက်ရောက် သွားပြီးနောက် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေ

ကချင်ပြည်နယ် ဗန်းမော်မြို့ မြေနုရပ်ကွက်တွင် နေထိုင်သည့် PDF လူငယ်တစ်ဦးသည် စစ်ကောင်စီ လက်အောက်သို့ ရောက်ရှိသွားပြီးနောက် စစ်ကောင်စီတပ်သည် ဗန်းမော်မြို့အတွင်း PDF နှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် မေလ ၉ ရက်နေ့ ရက်စွဲဖြင့် PDF များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နှင့် လက်နက်များ ယူဆောင်လာပါက ထိုက်သင့်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဆိုသည့် ထုတ်ပြန်ချက်ထွက်လာပြီးသည့်နောက်တွင် ဗန်းမော်မြို့ မြေနုရပ်ကွက်ရှိ PDF တစ်ဦးသည် စစ်ကောင်စီလက်အောက်သို့ ဝင်သွားကြောင်း ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

“အဲဒါကလေးက PDF စစ်သင်တန်းဆင်းထားတဲ့ မြေနုကလူတွေပြောတာကတော့ မိဘတွေ ကိုယ်တိုင်သွားအပ်တာလို့ ပြောကြတယ် အစကတည်းက မိဘတွေက အစိမ်းဘက်ကတဲ့” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်သို့ ဝင်ရာက်သွားသည့် PDF လူငယ်သည် KPDF စစ်သင်တန်းအပတ်စဉ် ၂  ဆင်းထားသူဖြစ်ပြီး အမည်နာမအသေးစိတ်ကို မသိရသေးပေ။

အဆိုပါ လူငယ်သည် စစ်ကောင်စီတပ်လက်အောက်သို့ ဝင်သွားပြီးနောက် စစ်ကောင်စီတပ်သည် သိမ်တော်ကြီးနောက်တွင် နေထိုင်သည့် အသက် ၂၀ ဝန်းကျင် သက်နိုင်ထွန်းဆိုသည့် လူငယ်တစ်ဦးအား PDF များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ မေလ ၁၆ ရက်နေ့ နေအိမ်မှာလာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် ဗန်းမော်မြို့အတွင်း PDF များနှင့်ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုသူများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

“အဲစစ်ကောင်စီထဲ ဝင်သွားတဲ့ ကလေးကလည်း အိမ်မရောက်သေးဘူးတဲ့ အထဲမှာဘဲ သူတို့ထိန်းသိမ်းထားတုန်းထင်တယ်။ ပြီးတော့အဲတစ်ယောက်က ဖော်လိုက်လို့လားမသိဘူး ခုမြို့ထဲစစ်ဆေးဖမ်းဆီးတာတွေ ပြန်လုပ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၉ ရက်နေ့ တပ်ပိုင်ရုပ်သံနှင့် သတင်းစာတွင် PDF အဖွဲ့ထဲ ရောက်နေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့ ထုတ်ပြန်လိုက်ပြီးနောက် ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့၊ ဖားကန့်မြို့၊ ဗန်မော်မြို့၊ ကားမိုင်းမြို့ လူစည်ကားသည့်နေရာများတွင် အဆိုပါ ထုတ်ပြန်ချက်များအား လက်ကမ်းစာစောင်များ၊ ဗီနိုင်းများထုတ်ကာ လိုက်ကပ်ခဲ့သည်။

Show More

Related Articles

Back to top button