စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် စစ်ရှောင်များတောင်းဆို

ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ခုမှ နေရပ်ကြပြန်မည့် စစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် အကူအညီများလိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံပြည်သူများ တစ်သောင်းနီးပါးခန့်သည် နီးစပ်ရာ တောတောင်များနှင့် လယ်ခင်း နေရာများတွင် တိမ်းရှောင်နေရသည်မှာ ၂ လနီးပါးခန့်ကြာမြင့်လာပြီဖြစ်သည်။

ကျွန်တော်တို့က အခု မိုးမကျမှီလေးမှာ နေရပ်ပြန်ချင်နေကြတာ။ မိုးကျလာရင်တော့ လယ်တဲ ယာတဲ တွေမှာတောတောင်တွေမှာ ဆက်နေလို့လည်းအဆင်မပြေဘူးလေ အဲ့ကြောင့် မိုးမကျလာရင် နေရပ်ပြန်ဖို့ စီစဉ်နေကြတာ အိမ်တွေကအားလုံးမီးထဲပါသွားတာဆိုတော့ အများပိုင်းက အစကနေပြန်စ ရမှာ အိမ်တွေပြန်ဆောက်ရမှာ အကူအညီကတော့အများကြီးဗျာ လိုအပ်တာကတော့စီသာကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

အဆိုပါ နေရပ်ပြန်လိုသည့် စစ်ရှောင်ပြည်သူများမှ အိမ်ခြေ ၁၀၀၀ ကျော်အထက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့်အတွက် နေရပ်ပြန်ပြီး နေအိမ်များ ပြန်လည်တည်ဆောက်ရာတွင် သွပ်၊ မိုးကာနှင့် အခြေား အိမ်ဆောက် ပစ္စည်းများ အကူအညီများ လိုအပ်နေကြောင်း ဆက်ဆိုသည်။

လက်ရှိစစ်ရှောင်များသည် မိုးတွင်းကာလာတွင် ရောက်ရှိလာပြီဖြစ်သည့်အတွက် ယခု မေနှင့်ဇွန်လဆန်းပိုင် အပြီးသတ်ပြန်နိုင်ရန် ပြင်ဆင်နေကြသည်ဟု စစ်ရှောင်များပြောသည်။

စစ်ကောင်စီ မီးရှို့ဖျက်ဆီးသွားသော ဒေသခံပြည်သူများ၏ နေအိမ်များသည် များသောအားဖြင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အိမ်အမျိုးအစား အများပိုင်းဖြစ်ပြီး တိုက်အိမ်နှင့် သက်ကယ်မိုးအိမ်အနည်းစုသာပါဝင်ကြောင်းသိရသည်။

အခုလောလောဆယ် နေရပ်ပြန်ဖို့ ကိုယ်အိမ်ကိုဝင်းလေးတွေကိုတော့စပြီး ရှင်းလင်းနေကြပြီး အားလုံးက နဂိုကိုယ့်ရွာ ကိုယ့်အိမ်ဝန်းမှာပဲပြန်ဆောက်ကြမှာ ဒါပေမယ့်အားလုံးကမီးထဲပါသွားတော့ ရွာသားတွေကဘာမှမရလိုက်ဘူးလေ အိမ်တွေပြန်ဆောက်ဖို့တော့အကူအညီတွေအများကြီးလိုအပ်နေတယ်။ ဒီမှာက သက်ကယ်ရှားတယ်မရနိုင်ဘူး အဲကြောင့် အမိုးလေးအတွက် သွပ်၊ မိုးကားတွေ တော့မရမ်းလိုအပ်နေတယ်နောက်ထပ် စစ်ရှောင် အမျိုးသမီးတစ်ဦးကပြောသည်။

လက်ရှိတွင် မံနား၊ စီသာနှင့် မံဝိန်း ကျေးရွာများမှ အိမ်ခြေ ၆ ခုခန့်သည် ကျေးရွာအတွင်း ယာယီတဲများထိုပြီး ပြန်လည်နေထိုင်ပြီဖြစ်ပြီး စစ်ရေးအခြေအနေ မတည်ငြိမ်သေးသောကြောင့် မီးဘေးသင့် ပြည်သူများသည် စိုးရိမ်မှုများရှိနေသေးကြောင်း စီသာ စစ်ရှောင်အမျိုးသားက ဆက်ဆိုသည်။

မံနားတို့ မံဝိန်းတို့ဘက်က လေးငါး ခြောက်အိမ်လောက်တော့ပြန်ကြပြီ ခြေနေတည်ငြိမ်လို့ပြန်တာပေါ့ မဟုတ်ဘူးပေါ့ အခုတောင်မိုးပေါ်မှာ လေယဉ်လာဝဲရင်မော့ မော့ကြည့်နေရတာ တချို့တော့လည်း မပြန်ရဲကြသေးဘူး စစ်ကြောင်းပြန်လာမှကြောက်နေကြတယ်ဟုပြောသည်။

စစ်အင်အား ၃၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ၁၀ ရက်ခန့်အကြာ ရွှေကူအရှေ့တောင်ခြမ်းဘက် ကျေးရွာများတွင် ဝင်ရောက်ခဲ့ပြီး မြေပြင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိခဲ့သည်။

ရွှေကူမြို့နယ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွင် မံဝိန်းကျေးရွာမှ အိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာမှ အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာမှ အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာမှ အိမ်ခြေ ၄၁ လုံး၊ စီသောင်းရွာမှ အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာမှ အိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာမှ အိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာမှ အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာမှ အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာ အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာမှ အိမ်ခြေ ၃၇ လုံး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button