သတင်း

မြစ်ကြီးနား မီးရထားဝင်း မှ CDM ဝန်ထမ်းများကို စစ်ကောင်စီက စတင် နှင်ထုတ်

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းတန်းလျား လိုင်းခန်း ဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဖယ်ရှားရန်ပြုလုပ်နေပြီး CDM ဝန်ထမ်းမိသားစုများကိုလည်း ဝန်ထမ်းအိမ်ယာဝင်းမှ အတင်းအကြပ် နှင်ထုတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းမိသားစုများနေထိုင်သည့် လိုင်းခန်းအား ကျူးကျော်ဟုဆိုကာ ဇွန်လနောက်ဆုံးအပတ်တွင် သတိပေးဆိုင်းဘုတ်အား လာရောက်စိုက်ထူခဲ့ပြီး CDMဝန်ထမ်းများကိုလည်း ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာပေးကြရန် ပြောဆိုထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် CDM မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

သူတို့ အဲသတိပေးဆိုင်းဘုတ်လာကပ်တဲ့နေ့ကစတာ ဆိုင်ခန်း၊လိုင်းခန်းတွေအကုန်လုံး အင်အားသုံးပြီးတော့ မြေတူးစက်တွေနဲ့ဖယ်ရှားဖို့ပြင်နေပြီ။ ပြီးတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သားတွေ စစ်ကားနဲ့လာပြီး ကတုတ်ကျင်း၊ဘန်ကာတွေဆောက်နေကြပြီဟုပြောသည်။

စစ်ကောင်စီတပ်များသည် CDM ဝန်ထမ်းမိသားစုများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင်ရှင်းလင်းထွက်ခွာပေးကြရန် ထွက်ခွာပေးခြင်းမရှိပါက ၁၉၉၅ ခုနှစ် အစိုးရအိမ် ဥပစာ ( နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့အညီ အနိုင်အထက်ပြုခြင်းနှင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်တွင် ရေးသားထားသည်။

အောင်နန်းရပ်ကွက် မီးရထားဝင်းတွင်း နေထိုင်သည့်မီးရထားဝန်ထမ်းမိသားစုအများပိုင်းသည် CDM ပြုလုပ်ထားသူ အများပိုင်းဖြစ်ကြောင်း သိရသည်။

ထို့အခြေအနေကြောင့် CDM မီးရထားဝန်ထမ်းမိသားစုများသည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် အမိုးအကာမဲ့ သွားရောက်နေထိုင်သူများရှိသည့်အပြင် မြစ်ကြီးနားမြို့ ရပ်ကွက်အချို့ရှိ စျေးဆိုင်များတွင် ညအိပ်သူများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကိုဆန့်ကျင်ရန် CDM ပြုလုပ်လာသည့် ဝန်ထမ်းများစွာရှိသည့်အနက် ကချင်ပြည်နယ်တွင် CDM ပြုလုပ်သည့်ဝန်ထမ်းများတွင် မီးရထားဝန်ထမ်းအများဆုံးဖြစ်သည်။

Show More

Related Articles

Back to top button