သတင်း

အင်းတော်မြို့အနီး ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့်စောင့်ကြည့်ပြီး လက်နက်ကြီးပစ်ခတ်

အင်းတော်မြို့တွင် တပ်စွဲနေထိုင်ထားသည့် စစ်ကောင်စီတပ်သည် အင်းတော် မြို့ပတ်ပတ်လည်ရှိကျေးရွာများကို ဒရုန်းဖြင့်လှည့်လည်စောင့်ကြည့်နေပြီး လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၈ ရက်နောက်ပိုင်း ခလရ ၇၇ တပ်သည် အင်းတော်မြို့အတွင်း ဒေသအခေါ်  ရိက္ခာကုန်းတွင် တပ်စွဲနေထိုင်နေပြီး မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် လှည့်လည်စောင့်ကြည့်ပြီးနောက် ယခုလို ပစ်ခတ်နေခြင်းဖြစ်သည်ဟု နဘားကျေးရွာ မှ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

သူတို့က အခုစစ်ကြောင်းမထိုးတော့ဘူးတဲ့ စစ်ကြောင်းထိုးရင်လည်း အမြဲတမ်းလိုလိုပဲ ခံနေရတော့ အခုနောက်ပိုင်းက အင်းတော်မြို့နဲ့ ငါးမိုင်အကွာပတ်ခြာလည်ကို ဒရုန်းတွေ၊ လက်နက်ကြီးတွေ အဲ့လိုတွေနဲ့ပဲလုပ်တော့မှာတဲ့ဟု အသက် ၅၀ ကျော်ရှိ နဘားကျေးရွာဒေသခံက ပြောသည်။

ထိုသို့ ပစ်ခတ်နေသောကြောင့် ဇွန်လ ၂၁ရက်နေ့က ပင်ဝယ်ရွာသားတစ်ဦး သုံးဘီးမောင်းနေစဥ် ထိခိုက်ခဲ့သည့်ဖြစ်စဥ် နှင့် ဇွန်လ ၂၂ ရက်နေ့က ကမ်းနီကျေးရွာ လယ်တောတွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်မှုကြောင့် အသက် ၂၀ ကျော် မိခင်တစ်ဦး နှင့် အသက်  နှစ်အရွယ် ကလေးတစ်ဦးတို့ ထိခိုက်ခဲ့သည်။

အင်းတော်မြို့ နဲ့ ၅မိုင်အကွာ ဧရိယာရှိကျေးရွာများမှာ အရှေ့ဘက်တွင် နားနောင်ရွာ၊ ကျော်ရွာ၊ အင်းတော်အနောက်ဘက်တွင် သက်ကယ်ကျင်းနဲ့ အနီးဝန်းကျင်ကျေးရွာများ၊ အင်းတော် မြောက်ဘက်တွင် နားရချောင်ရွာ၊ နဘား၊ ရမ်းနီနဲ့ အနီးဝန်းကျင် ကျေးရွာများ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အသစ်ပြောင်းလဲလာသည့် ဗျူဟာကြောင့် အင်းတော်မြို့ အရပ်လေးမျက်နှာမှ ၅ မိုင်အကွာဧရိယာရှိ ကျေးရွာနေပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရပြီး အချို့ပြောင်းရွေ့သူများလည်း ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button