သတင်း

ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်း‌ သိရသည်။

ဆိုင်းတောင်ကျေးရွာ၊ ဘုရားကုန်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ် ဦးချစ်ကို ဆိုသူကို စစ်ကောင်စီတပ်က ဇွန်လ ၂၅ ရက်နေ့ ည ၅နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဆိုင်းတောင် ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

မနေ့တုန်း သူ့ကလေး ကျူရှင်သွားကြိုမယ်ဆိုပြီး သွားတဲ့ချိန်ဖမ်းသွားတာ ။ လမ်းမပေါ်မှာကို ဖမ်းခံလိုက်ရတာဟု ပြောသည်။

ဖမ်းဆီးခံသွားရသည့် အမျိုးသားသည် ကျောက်အရောင်းအဝယ်လုပ်ကိုင်သည့် အမျိုးသားဟုသိရပြီး ပြီးခဲ့သော ရက်ပိုင်းက ဆိုင်းတောင်ကျေးရွာ KIO တိုင်နယ်ရုံးဝင်ရောက်စီးနင်းခံလိုက်ရမှုနှင့် ဆက်နွယ်မှုရှိသည်ဟု ပြောဆိုကာ ဖမ်းဆီးသွားကြောင်းသိရသည်။

သူ့ ကိုကျနော်တို့ ကတော့ ချစ်ကိုလို့ပဲခေါ်တာဗျ ဘာကြောင့်ဖမ်းသွားတာလဲအတိအကျတော့မသိရဘူး သူတို့နဲ့ကျနော်တို့နဲ့က အလုပ်အကိုင်လည်းမတူတော့ ပြောတာတော့ ဟိုနေ့ဝင်စီးတဲ့ တိုက်နယ်ရုံးကိစ္စနဲ့လို့ပြောတယ် ဘယ်လိုဆက်စပ်တာလဲတော့မသိဘူးဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် အမျိုးသားကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရဘဲ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က KIA PDF နှင့် ပတ်သက်ဆက်နွယ်သူများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယခုတစ်လအတွင်း ဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ခန့်ရှိလာပြီဖြစ်ကြောင်းသိရသည်။

သူတို့က ပြည်သူလူထုကို အမြဲလိုလို ဖမ်းနေကြပဲ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေပေါ့ တာနဲ့ဖမ်းတာပဲ အခုလထဲမှာကို ၃၀ လောက်ရှိနေပြီ တချို့လည်းပြန်လွတ်လာသလို တချို့လည်းပြန်မလွတ်လာကြသေးဘူး အဲ့မလွတ်လာတဲ့သူတွေကိုလည်း ဘယ်မှာထားတယ်ဆိုတာမသိရဘူး အခုနောက်ပိုင်း ဖားကန့်မှာဖမ်းသမျှကိုရဲလက်မအပ်တော့ဘူးလေဟု တော်လှန်ရေးတွင်ပါဝင်နေသည့် ဖားကန့်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

ဇွန်လ ၂၁ ရက်နေ့  ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၃ နေရာရှိ KIO တိုက်နယ်ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ရာတွင် တိုက်နယ်ရုံးအတွင်း KIO ဖမ်းဆီးထားသော အကျဉ်းသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုထဲမှ ၇ ဦးပြင်းထန်ဒဏ်ရာရရှိကာ ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button