ဆားတောင်တွင် PDF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်ဝင် PDF တပ်သား၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။
သတ်ဖြတ်ခံရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသည် ဆားတောင်မြို့မစျေးအနီးရှိ မိုဘိုင်းလ်ဖုန်းဆိုင်းတစ်ခုတွင် ဖုန်းသွားဝယ်ခဲ့စဉ် ပျုစောထီး ၂ ဦးက ပစ်ခတ်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။
“သူတို့က ဖုန်းဆိုင်တစ်ခုမှာဖုန်းသွားဝယ်တယ် အဲ့တာကိုနောက်ကနေ ပျူကလည်ပင်းကိုတေ့ပစ်လိုက်တယ် နှစ်ယောက်စလုံးအဲ့နားမှာတင်ပစ်သတ်လိုက်တယ် ကိုယ့်ဘက်ကအဖွဲ့တွေကတော့ အလောင်းကို ရအောင် သွားကောက်ခဲ့တယ်“ဟုပြောသည်။
အဆိုပါ ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးမှာ ဆားတောင်မိုး ကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဟိန်းမျိုးထက်(ဂွေးတို)နှင့် ငြိမ်းချမ်းကို(ခ)ပေါက်စ တို့ဖြစ်ကြသည်။
“ရုပ်အလောင်းကတော့ ပြန်ရတာသေချာပါတယ် ပါသွားတဲ့သေနတ်တွေတော့ပြန်မရခဲ့ဘူး နေ့ချင်းပဲ သဂြိုဟ်လိုက်တယ်လို့သိရတယ် ဖုန်းသွားဝယ်တာလည်းဖြစ်နိုင်ပါတယ် အခြေနေက အရင်အခြေနေ နဲ့မတူဘူး ကျနော်တို့ဘက်ကဆင်ခြင်ရမှာ ဒီလိုထွက်သွားတော့ သူတို့ကအသာလေးကပ်လုပ်သွားတာလို့ ကြားတယ်”ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆက်ပြောသည်။
ပြီးခဲ့သော ဇွန်လ ၁၅ ရက်နေ့တွင်လည်း ဆားတောင်မြို့အနီးတဝိုက်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကြား ၃ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီ ဘက်က စစ်ကြောင်းမှူးအပါအဝင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်းသိရသည်။
ထို့ကြောင့် လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ဆားတောင်မြို့ပေါ်တွင် စစ်အင်အားအများအပြားဖြင့် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေသည်ဟု သိရသည်။
စစ်ကောင်စီတပ် ထောက်ခံသူများ၏ သတင်းဌာနများတွင် ဆားတောင်မြို့တွင် စစ်ကောင်စီဘက်က ကင်းလှည့်နေစဉ် ဆက်ကြေးကောက်နေသည့် PDF တပ်ဖွဲ့ဝင်များကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ရေးသားဖော်ထားသည်ကို တွေ့ရသည်။