သတင်း

မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ကာ ဖရဲစစ်ရှောင်နေအိမ်တစ်ချို့ပျက်စီး၊ သောက်သုံးရေခက်ခဲနေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေမြို့နယ် တရုတ်နယ်စပ်ရှိ ဖရဲ (Hpare) စစ်ရှောင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ မြေပြိုကျမှုကြောင့် နေအိမ်တစ်ချို့ပျက်စီးပြီး စစ်ရှောင်ပြည်သူများ သောက်သုံးရေခက်ခဲနေကြောင်း သိရသည်။

ဇွန်လ ၂၃ ရက်နေ့ မှစကာ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  သောက်သုံးရေပြတ်လပ်သည့်အထိ အခက်အခဲ ကြုံတွေ့နေရသည်ဟု စစ်ရှောင်ပြည်သူ တစ်ဦး  KNG ယခုလိုပြောသည်။  

ဟိုတလောက မြေပြိုကျလာတာက တစ်ဝက်ပဲ အခုပိုများတဲ့ မြေပုံကကျန်သေးတယ်။ အခုအဲ့ဒါကို သတိထားပြီး စောင့်ကြည့်ပြီးရှိနေတယ်။ ဘယ်ချိန်ပြိုကျလာလာဆိုပြီး စိုးရိမ်လျက်နေနေတယ်။ ကလေးတွေ ကျောင်းအသွားအပြန် ချိန်မှာ ပြိုကျလာမှာ စိုးရိမ်နေတယ်။ မိုးရွာတော့ ရေတွေညစ်ညမ်းသွားပြီး ရေလည်းဘယ်မှ သောက်ရမှာမသိ၊ အခု စစ်ရှောင်တွေက သောက်ရေအရမ်းခက်ခဲနေတယ်ဟုပြောသည်။

မြေပြိုကျကြောင့် စစ်ရှောင်နေအိမ်တချို့တွင် ရေဝင်ရောက်ကာ နေအိမ် ၃ ခု ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး မြေပြိုမှုထပ်မံဖြစ်ပွားလာမည်ကို စစ်ရှောင်ဒေသခံများက စိုးရိမ်နေရသည်ဟု သိရသည်။

လက်ရှိ မိုးရွာသွန်းရာမှ မြေပြိုမှုဖြစ်ပွားနေရခြင်းသည် ဖရဲစစ်ရှောင်စခန်းအထက် ရေသွယ်ယူသည့် ထိပ်ပိုင်းတွင် KIO အစိုးရအနေဖြင့် နေအိမ်တစ်လုံးဆောက်လုပ်ရန် မြေများတူးဆွစုပုံထားသောကြောင့် ပိတ်ဆို့မှုဖြစ်ကာ သောက်သုံးရေ ပြတ်လပ်သည့်အထိ ကြုံတွေ့နေရခြင်းဖြစ်သည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

စစ်ရှောင်စခန်း ထိပ်ပိုင်းနှင့် သောက်ရေသွယ်ယူတဲ့ ရေထိပ်မှာ KIO အစိုးရတွေ လာတူးဆွနေတဲ့အချိန်လည်း စစ်ရှောင်ပြည်သူတွေကပြောတယ်၊ အဲ့မှာမတူးရင်ကောင်းမယ်။ မိုးရွာရင် အန္တရာယ်ရှိတယ်ဆိုပြီး။ ဒါပေမဲ့ သူတို့က ဘာမှမဖြစ်ဘူးတဲ့ သူတို့တာဝန်ယူတယ်ဆိုပြီး အဲ့လိုလုပ်ကြတာဟုတ်တယ်။ အခုက မိုးကြီးပြီး အဲ့မြေတွေပြိုကျတယ်၊ ပြီးတော့ အားလုံးသုံးတဲ့ ရေတွေလည်း ရွံ့ရေဖြစ်ကုန်တာဟု၎င်းကဆက်ပြောသည်။

ဖရဲ( Hpare) စစ်ရှောင်စခန်းသည် တရုတ်နယ်စပ် မှတ်တိုင် ၆(Masat shadaw 6) တည်နေရာတွင် တည်ရှိပြီး လွန်ခဲ့သော ၆ နှစ်ခန့်မှ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အပါအဝင် စစ်တပ်နဲ့ KIA ကြား တိုက်ပွဲကြောင့် ဖရဲကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသူများ ဖြစ်သည်။

အဆိုပါ တရုတ်နယ်စပ်ရှိ ဖရဲ( Hpare) စစ်ရှောင်စခန်းတွင် အိမ်ခြေ ၁၇၃ ရှိပြီး လူဦးရေ တစ်ထောင်ကျော်ရှိကြောင်းသိရသည်။ ယခုချိန် လူဦးရေများပြားလာပြီး နေအိမ်မလုံလောက်သည့် အခက်အခဲလည်း ကြုံတွေ့နေကြောင်း ဆက်သိရသည်။

Show More

Related Articles

Back to top button