လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ရွှေကူမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေကူမြို့ ခုန်ခမ်းရပ်ကွက် ၊အမှတ် (၁) ထဲက တရုတ်နွယ်ဖွားဖြစ်တဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်အေးအေးသန်း(ခ) ဒေါ်တုံးစိန်ဆိုသူ ဇူလိုင်လ ၇ရက်နေ့ ည ၁၁ နာရီအချိန် နေအိမ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရွှေကူကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက KNG ကိုပြောပါတယ်။

”ညက ၁၁ နာရီလောက်အမျိုးသမီးတစ်ယောက် သတ်ခံလိုက်ရတယ် အိမ်မှာပဲသတ် ခံလိုက်ရတယ်။ ဘယ်ဘက်က သတ်လို့သတ်မှန်းကိုမသိရဘူးလို့။ကျွန်တော်တို့ဒီဘက်က (PDF) ဘက်ကတော့မဟုတ်ဘူး။” လို့ သူကပြောပါတယ်။

ပစ်သတ်ခံရတဲ့အမျိုးသမီးဟာ လက်ရှိ စျေးရောင်းစျေးဝယ်လုပ်ကိုင်နေသူဖြစ်ပြီး ရွှေကူ အရှေ့တောင်ခြမ်း မံဝင်း၊စီသာ၊ ဘက်က စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူလို့သိရပါတယ်။

”သူကမိသားစုနဲ့နေတာ ညကဘယ်လိုဖြစ်သွားလဲဖြစ်စဥ်အသေးစိတ်တော့မသိရဘူး။ သူက ကျွန်တော်တို့စစ်ရှောင်တွေဘက် ကူညီဖူးတဲ့ ပရဟိတဟုတ်တယ်။ ည သတ်ခံလိုက်ရပြီလို့သတင်းရောက်လာတာ”လို့ရွှေအရှေ့တောင်ခြမ်းက စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေါ်အေးအေးသန်း(ခ)ဒေါ်တုံးစိန်ကို မည်သူမည်ဝါဘယ်အဖွဲ့က လုပ်ကြံသတ်ဖြတ်သွားတယ်ဆိုတာKNG ကအတည်ပြုနေဆဲ ဖြစ်ပြီး ဒေသခံတွေကတော့ ပျူစောထီးတွေရဲ့လက်ချက်လို့သုံးသပ်နေကြပါတယ်။

ရွှေကူမြို့စျေးတန်း
ရွှေကူမြို့စျေးတန်း

KNG ကရရှိထားတဲ့အချက်အလက်အရ ရွှေကူမြို့ပေါ်မှာစစ်အာဏာသိမ်းပြီး အရပ်သား အမျိုးသမီး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံရတာဟာ အခုပထမအကြိမ်ဖြစ်ပါတယ်။

Show More

Related Articles

Back to top button