သတင်း

NSCN- K အဖွဲ့ခေါင်းဆောင်ပိုင်းမှာ သဘောထားကွဲလွဲနေပြီး ရက်ပိုင်းအတွင်း ၂ကြိမ်ပစ်ခတ်မှုဖြစ်

စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြေစိုက်ထားတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ( NSCN- K)အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းတွေမှာ သဘောထားကွဲလွဲမှုတွေရှိလာနေပြီး အခုရက်ပိုင်းအတွင်းမှာပဲ အဖွဲ့အချင်းချင်းကြားပစ်ခတ်မှု ၂ ကြိမ်ရှိခဲ့တယ်လို့ နာဂအမျိုးသားရေးကျွမ်းကျင်သူတွေဆီကနေသိရပါတယ်။

NSCN- K အဖွဲ့ထိပ်သီးခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ယုန်းအောင်၊ ဗိုလ်ချုပ်အန်းမိုင်းနှင့်လန်ညေးတို့ကြားမှာ ၂၀၂၂ ခုနှစ်ကတည်းက အချင်းချင်းကြားသဘောထား ကွဲလွဲ မှုတွေ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၃ ဧပြီလမှာတော့ ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်အဖွဲ့က NSCN-K ကနေခွဲထွက်ဖို့ဖြစ်လာပြီးတဲ့နောက် သဘောထားကွဲလွဲမှုပိုကြီးမားလာပြီး တပ်ဖွဲ့ဝင်တွေအချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပွားတဲ့အထိဖြစ်လာတယ်လို့ နာဂအမျိုးသားရေးကျွမ်းကျင်တဲ့ လဟယ်ဒေသခံတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

”အခုကသူတို့အချင်းချင်းပိုပြီးတော့တင်းမာတဲ့အခြေအနေဖြစ်လာနေတယ် ဘာလို့ဆို ဒီလထဲမှာကိုသူတို့ပစ်ခတ်တာ ၂ကြိမ် ရှိပြီ ။အချင်းချင်းပစ်ကြတာ။ ထိခိုက်မှုတွေရှိတယ် ဆိုတော့ အခုလိုဖြစ်တာက အန်းမိုင်းအဖွဲ့က ခေါင်းဆောင်သစ်ရွေးဖို့အစည်းအဝေးလုပ်တာကနေစတယ်ဗျ။ အခုလောလောဆယ် ယုန်းအောင်က NSCN-K ရဲ့ခေါင်းဆောင်အဲ့တာကိုအသစ်ရွေးဖို့စည်းဝေးခေါ်တော့ ဟိုကမလိုလားဘူးအဲ့မှာစပစ်ကြတာ”လို့ သူကပြောပါတယ်။

ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့အဖွဲ့က ဇူလိုင်လ ၂ ရက်နေ့မှာ ကွန်ညပ်နယ်မြေ(NSCN-K) ထိန်းချုပ်နယ်မြေ ထဲမှာ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး လက်ရှိ ဗိုလ်ချုပ်ယုန်းအောင် ဦးဆောင်တဲ့ဘက်မှာရှိနေတဲ့ ဗိုလ်ချုပ်ကွန်းကျောက်ကို NSCN -K အဖွဲ့ခေါင်းဆောင်အဖြစ်တင်မြောက်ဖို့ကြိုးစားခဲ့ပေမယ့် ဗိုလ်ချုပ်ကွန်းကျောက်က ဗိုလ်ချုပ်အန်းမိုင်းတို့နဲ့မပူးပေါင်းပဲ ခေါင်းဆောင်ရာထူးကိုလက်မခံပဲ ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့နှင့် ပူးပေါင်းမှုလုပ်သွားရာကနေ ပဋိပက္ခပိုမိုကြီးမာလာပြီးပစ်ခတ်မှုအထိဖြစ်လာတယ်လို့ သိရပါတယ်။

” ပစ်ခတ်မှုက၂ကြိမ်ဖြစ်တယ် ပထမတစ်ကြိမ်ကတော့ ထိခိုက်တာမရှိဘူး ဒုတိယတစ်ကြိမ်ကတော့ ဇူလိုင် ၅ ရက်နေ့က ညပိုင်း ၃နာရီလောက်မှာဖြစ်တာ ၁နာရီကျော်ကြာတယ် ပစ်ခတ်မှုမှာ သေဆုံးမှုတွေလည်းရှိသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၅ရက်နေ့ ပစ်ခတ်မှုဟာ လဟယ်မြို့နယ် ကွပ်ညပ်ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ၁ နာရီကျော်ကြာတိုက်ပွဲမှာ ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့ဘက်က ၂ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ဒေသခံတွေပြောတာကတော့ NSCN-K ထိပ်ပိုင်းခေါင်းဆောင်သဘောထားကွဲလွဲမှုဟာ အိန္ဒိယနယ်စပ်အစိုးရနဲ့ အိန္ဒယဘက်ရှိနာဂလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်းပြီး NSCN-K ကိုဖြိုခွင်းဖို့လုပ်ဆောင်နေမှုမှာ ဗိုလ်ချုပ်အန်းမိုင်းနှင့်လန်ညေးတို့အဖွဲ့ကို အသုံးချနေတာကြောင့်ဖြစ်တယ်လို့ ပြောဆိုနေမှုအပေါ်  KNG အနေနဲ့ NSCN-K  ကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN – K အဖွဲ့ဥက္ကဋ္ဌ SS Khaplang (ခပ်လန်)ဟာ ၂၀၁၇ ၊ဇွန်လ ၉ ရက်နေ့က ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ယုန်းအောင်ဟာ ခပ်လန်ရဲ့ ရာထူးတာဝန်ကိုဆက်ခံသူဖြစ်လာပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) ဟာ အိန္ဒိယနိုင်ငံ ၊ နာဂလန်းပြည်နယ်ခွဲထွက်ရေးလက်နက်အဖွဲ့ဖြစ်ပြီး ၁၉၈၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

Show More

Related Articles

Back to top button