တိုက်ပွဲသတင်း

KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ

KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေအသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်ကို အဓိကထားစစ်ရေး လှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေတဲ့ KIO အရာရှိတစ်ဦးက KNG သတင်းဌာနကို အခုလိုပြောပါတယ်။

ဒီကြားထဲ သူတို့ လှုပ်ရှားနေတဲ့အခြေအနေကိုကြည့်ရင် ကျနော်တို့ ဌာနချူပ် လိုင်ဇာဘက်ကို မြစ်ကြီးနား-ဗန်းမော်ကားလမ်းဘက်ကနေ သူတို့စစ်ကြောင်းထိုးတာ နည်းနည်းခက်တဲ့အခြေအနေဖြစ်ပုံရတော့ ဒီဘက် ကျနော်တို့ ရှမ်းမြောက်၊ နမ့်ခမ်း-မူဆယ် ဘက်ကနေ စစ်ကြောင်းထိုးဖို့ လုပ်နေတဲ့အခြေအနေဆိုတာ တွေ့ရတယ်။” ဟု ကွတ်ခိုင်ဒေသ လှုပ်ရှားနေသူ KIO အရာရှိတစ်ဦး ပြောပါတယ်။

ရှမ်းမြောက် လားရှိုးကနေ တက်လာတဲ့ စစ်ကောင်စီတပ်ကို ကွတ်ခိုင်-နမ့်ဖတ်ကာ အနီးတဝိုက်မှာ  KIA တပ်မဟာ ၆ တပ်ရင်း ၉ နဲ့ တပ်မဟာ ၄ တပ်ရင်း ၈ တပ်ဖွဲ့တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေတာပါ။ ယမန်နေ့ ညနေ ၅ နာရီခွဲမှာလည်း နမ်ဖတ်ကာအထက် ဟိုမုန်းကျေးရွာအနီး ကောင်ရာတောင်မှာရောက်ရှိနေတဲ့ ခလရ ၁၂၃ နဲ့ တပ်ရင်း ၈၈ ပူးပေါင်းတပ်ဖွဲ့ အင်အား ၈၀ လောက်ကို KIA တပ်ရင်း ၉ က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၆ ရက်နေ့မှာလည်း အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို  ဖာခတ်ကျေးရွာနဲ့ ဟိုနောင်းကျေးရွာအနီး  ၂ နေရာမှာ တစ်နေ့ထဲ ၂ ကြိမ်၊ KIA ဘက်က စောင့်ကြို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အပြင်ဇူလိုင် ၁၅ ရက်နေ့ကလည်း တစ်နေ့လုံးနီးပါး စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်ကြား ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် ဇူလိုင် ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ ကွတ်ခိုင်အနီး နေရာ ၃ နေရာမှာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး  အင်အား ၁၀၀ ခန့် ဟိုနောင်နဲ့ နမ်ဂွတ်ကျေးရွာတဝိုက် ပြည်သူနေအိမ်တွေမှာ နေရာချပြီး ရွာသားတွေကို စစ်ဆေးမေးမြန်း ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေပြောပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ယခု လဆန်းပိုင်းကနေ ၁၃ ရက်နေ့အထိ ကွတ်ခိုင်ကနေ မူဆယ်ဘက်ကိုသွားတဲ့ စစ်ကား ၁၀ စီးကျော်သာရှိသေးကြောင်း သိရပါတယ်။

ဒါပေမယ့် စစ်သားတွေဟာ ခုနောက်ပိုင်း စစ်ကားနဲ့သွားလာတာ နည်းလာပြီး ပြည်သူပိုင် ခရီးသွားကားတွေနဲ့ကုန်ကားတွေထဲမှာ ကပ်ပါစီးနင်းကြတယ်လို့ နမ်ဂွတ်ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

 တစ်ခါခါဆို တွဲကားတွေထဲ ကပ်ပါသွားတာရှိတယ်။ တခါခါဆို ကားအသေး ဖောဝီး(four wheel) ကားတွေထဲ လိုက်ပါစီးသွားတာတွေလည်းရှိတယ်။ အဲ့လိုဟာမျိုးဆို စစ်အင်အား ဘယ်လောက်လောက်တက်နေတယ်ဆိုတာ ရေတွက်နိုင်ဖို့ခက်တယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်လား ၁၄ ရက်လားမသိဘူး ကွတ်ခိုင်ကနေ ကားအစီး ၁၀ တက်သွားတယ်။ နမ်ဖတ်ကာရောက်တော့ ၈ စီးဝင်တယ်ပြောတယ်။လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာတော့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးတဲ့ ရှေ့တန်းခြေလျင်စစ်ကြောင်းကို ကွတ်ခိုင်မရောက်ခင် KIA ဘက်မှကြားဖြတ်တိုက်ခိုက်ခဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ဇူလိုင် ၁၁ ရက်နေ့လည်း ကွတ်ခိုင်ကနေ ဆက်လက်ချီတက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ဟိုနောင်ကျေးရွာအနီး KIA ထပ်မံပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကား ၁စီး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။

လက်ရှိ လားရှိုးကနေ တက်လာနေတဲ့ စစ်ကြောင်းတွေကို ကွတ်ခိုင်အနီးတဝိုက် နေရာ ၄ နေရာမှာ KIA ဘက်က ပုံမှန်ကြားဖြတ်တိုက်ခိုက်နေတဲ့အပြင် ကွတ်ခိုင်ဒေသကနေ မူဆယ်ဘက်သို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဘက်က ကြားဖြတ်တိုက်တာကြောင့် တိုက်ပွဲအခြေအနေတင်းမာနေတာ ၁ ပတ်ကျော်ရှိလာပြီ ဖြစ်ပါတယ်။

ဌာနချူပ်ဘက် တိုက်ပွဲတင်းမာနေတော့ ဒီဘက်ကလည်း စစ်ကောင်စီအင်အားပို့ဖို့ လားရှိုး- မူဆယ် အာရှလမ်းမကြီးကနေ စစ်ကားတွေ အထက်ဘက်ကို ဖြည်းဖြည်းစီရွေ့ပြီး ကချင်ပြည်ဘက် အင်းအားပို့နေတာ မြင်နေရတယ်။ စစ်ကားတွေတန်းစီပြီး တက်တက် လာတော့ အဲ့ဒီကချင်ဘက်ကို လူအင်အားပို့ဖို့ ဒီဘက်ကနေသူတို့ စီစဉ်နေတာလို့ မြင်ရတယ်” လို့ ပန်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံနေရတဲ့ နေရာတွေဟာ ကွတ်ခိုင်မရောက်ခင် သိန္နီနဲ့ မန်ပန်အနီးတဝိုက်၊ ကွတ်ခိုင်အကျော် နမ့်ဖတ်ကာမရောက်ခင် နောင်ဆွေ ၊ နမ့်ဖလွန်၊ ရှု့ခင်းသာ စတဲ့နေရာတွေနဲ့ နမ်ဖတ်ကာနဲ့ ကောင်ရာ ၊ဟိုမုန်း စတဲ့နေရာတွေဖြစ်ကြောင်း သိရပါတယ်။

 “သူတို့စစ်အင်အားတွေ ပုံမှန်တက်နေတာကို ကြည့်ရင် ကွတ်ခိုင်ကနေ အထက်ဘက်သို့တက်သွားပြီး နမ်ဖတ်ကာစစ်တပ်ထဲကို ပြန်ဝင် ၊ အဲ့တာနဲ့ ခဏနားပြီး ဆက်လက်ချီတက်လှုပ်ရှားနေကြတာဟုတ်တယ်။ အရင်ထက် ထူးခြားပြီး ပိုလှုပ်ရှားနေတာကြည့်ရင် ဒီဘက်ကနေလည်း အစီအစဉ် ဆွဲနေတာကိုတွေ့ရတယ်။ အခုသူတို့စစ်ကြောင်းတွေ ကွတ်ခိုင်- နမ်ဖတ်ကာ – မူဆယ် ဒီကြားထဲ ၄ နေရာလောက်မှာ ပစ်ခတ်ခံနေရတယ်” လို့ အထက်မှာဖော်ပြခဲ့တဲ့ နမ်ဖတ်ကာဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

KIO ဌာနချူပ်ဘက် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်က မူဆယ်-နမ်ခမ်းကြားမှာလည်း အရင်က တပ်စွဲနေထိုင်တာတွေမရှိပေမယ့် ပြီးခဲ့တဲ့လကုန်ပိုင်းကနေစပြီး တပ်စခန်းတွေတိုးချဲ့ထားကြောင်းလည်း  နမ့်ခမ်းဒေသခံတစ်ဦးက အခုလို ပြောဆိုပါတယ်။

 စစ်တပ်ကအမြဲတမ်း ဌာနချူပ် လိုင်ဇာအနီးဘက် ထိုးစစ်ဆင်တော့မယ်ဆိုရင် ဒီဘက် မူဆယ် ၊၁၀၅ မိုင်ဘက် အမြဲတမ်း လှုပ်ရှားပြီး နေရာယူတာတွေရှိတယ်။ အခုလည်း မူဆယ်-နမ်ခမ်း ကြား ဇေလန်ဆိုတဲ့နေရာမှာ သူတို့တောင်မထိုင်တော့တဲ့ တပ်စခန်းတွေ အခုပြန်ထိုင်ပြီး နေရာယူလာကြတယ်။ အခုတပ်စခန်းတွေ ထပ်တိုးပြီး နေရာယူလာတာတွေ့ရတယ်။ နေ့ခင်း ကျနော်တို့မြင်တွေ့တဲ့အချိန်မှာတော့ အဲ့လောက်ထင်သာမြင်သာ မလှုပ်ရှားပေမဲ့ ညဘက်တော့ သူတို့ ပုန်းလျှိုးကွယ်လျှိုး စစ်အင်းအားတွေပို့နေတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ် လို့ နမ့်ခန်းဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက စစ်တပ်နဲ့KIA တပ်အကြား စစ်ရေးတင်းမာလာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတာကြောင့် နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်း ၊ နမ့်ခိုင်စစ်တပ်၊ ရှုခင်းသာ(တာဝါတိုင်စခန်း) နဲ့ ကွတ်ခိုင် ခလရ ၂၄၁ စစ်တပ်စခန်းတို့မှ လက်နက်ကြီး ပုံမှန်ပစ်ခတ်မှု ရှိကြောင်း နမ့်ဖတ်ကာဒေသခံတွေပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၉ ရက်နေ့က နမ့်ဖတ်ကာ ခလရ ၁၂၃ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်ထိခိုက်ပြီး အမျိုးသမီး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီဖြစ်ပါတယ်။

ဒါကြောင့် စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာနေ ပြည်သူတွေဟာ စိုးရိမ်မှုများစွာရှိကြောင်း နမ်ဂွတ်ကျေးရွာဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

 ကျမတို့ ရွာထဲ စစ်ကြောင်းတွေရောက်ပြီဆိုတာနဲ့ ပစ်ခတ်လာကြမှာ အရမ်းကြောက်တာ။ တစ်ခါခါဆို စစ်ကြောင်းတွေ ရွာထဲမှာ ဝင်ရောက်နေကြချိန်၊ အမှတ်မထင် ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပြီဆို ကျမတို့ ကားလမ်းဘေးတလျှောက်ရှိတဲ့ အိမ်တွေက မထိမပေါက်တာ တစ်ခုမှမရှိဘူး။ သူတို့(စစ်တပ်)ပစ်ခတ်ပြီဆို အမြဲတမ်း ပြည်သူနေအိမ်တွေကိုပဲ လာလာထိတာကြောင့် ကြောက်စိတ်နဲ့ပဲ နေနေကြရတယ်။ ညဆိုရင်လည်း သူတို့ရွာထဲမှာ လျှောက်သွားလျှောက်ကြည့်တယ်။ ကင်းလှည့်တယ်ဆိုပြီး လှုပ်ရှားသွားလာကြတာ” လို့ ပြောပါတယ်။

 လက်ရှိချိန်ထိ စစ်ကောင်စီစစ်ကြောင်းတွေဟာ လမ်းလုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ပုံမှန်လှုပ်ရှားသွားလာနေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူများအနေဖြင့်လည်း လှုပ်ရှားသွားလာရေး ဂရုစိုက်ကြဖို့ ကွတ်ခိုင်ဒေသ KIO အရာရှိက အခုလို ဆက်လက်ပြောဆိုထားပါတယ်။

ပြည်သူတွေကိုလည်း မှာကြားချင်တယ်။ အခုချိန်က မှိုတွေထွက်တဲ့အချိန်ဖြစ်တယ်။ အခြေအနေက ရှုပ်ထွေးနေတဲ့အခြေအနေဖြစ်တာကြောင့် အချိန်မရွေးသွားလာ ရှာဖွေတာတွေမလုပ်ဖို့၊ ပြီးရင် ကားလမ်းမကြီးကနေလည်း သွားလာရေးအရမ်းသတိထားရမယ်။ စစ်ကြောင်းတွေက ပြည်သူပိုင်ကားတွေထဲကနေပဲ ကပ်ကပ်ပါသွားတာဟုတ်တယ်။ သူတို့စစ်ကားတောင် သိပ်မသုံးဘူး။” ဟု ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေသူ KIO အရာရှိတစ်ဦး KNG ကိုပြောသည်။

 စစ်တပ်ဘက်က စစ်ကားတွေ မတက်လာခင် ခြေလျင်နဲ့ ၇၀-၁၀၀ ကြားရှိတဲ့ အင်အားကို အဖွဲ့ ၂ဖွဲ့ ၃ ဖွဲ့ခွဲပြီး ပုံမှန် ရှေ့တန်းကနေ လုံခြုံရေးယူပေးကာ မူဆယ်ဘက်ကို ဦးတည် ချီတက်နေကြောင်းလည်း သိရပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ထိ မူဆယ်အထက်ဘက်သို့ စစ်ကား ၁၀ စီးကျော်တက်သွားပြီး အများပိုင်း ပြည်သူပိုင်ကားပေါ်ကနေ ကပ်ပါစီးသွားတာများတာကြောင့် စစ်အင်အား ဘယ်လောက်ထိ ပို့ဆောင်ထားနိုင်ပြီဆိုတာတော့ အတိအကျသိဖို့ ခက်တယ်လို့ ဒေသခံတွေပြောပါတယ်။

ကချင်ပြည်နယ် KIO ဌာနချူပ်လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြား ဇူလိုင် ၃ ရက်နေ့ကစပြီး တိုက်ပွဲဆက်တိုက်ပြင်းထန်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သလို ရှမ်းမြောက်ဘက်ကနေလည်း စစ်ကောင်စီ ထိုးစစ်ဆင်နေတာကြောင့် ကွတ်ခိုင်မြို့နယ်တဝိုက် စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

 BY-LD

Show More

Related Articles

Back to top button