တိုက်ပွဲသတင်း

ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကအကျအဆုံးများ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တဲ့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စအရ ၉၀၉နဲ့ ခမရ ၇၀၄တပ်က အင်အား ၈၀ကျော်နဲ့ ကာကွယ်ရေးတပ်တို့ ကျေးနင်း နဲ့ ကြောင်သန်းရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ကျနော်တို့က အသင့်စောင့်ကြိုပြီးတိုက်ခိုက်ခဲ့တာပါ မီတာ၁၀၀အတွင်းအရောက်ပိုင်ပိုင်နိုင်နိုင်ဖြစ်လောက် တဲ့ အချိန်စတင်တိုက်ခိုက်ခဲ့တာပါ အဲ့လိုတိုက်ခိုက်တဲ့အချိန်၅ယောက်အရင်ကျဆုံးတယ် တိုက်ပွဲဖြစ်ဖြစ်ချင်း ကို ၁၀ကောင်လောက်ကျသွားတယ်လို့ ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ ၂ နာရီခွဲခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှာ အမျိုးသမီးတစ်ချို့လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သူကအခုလိုဆက်ပြောပါတယ်။

ရန်သူ့စစ်ကြောင်းဘက်က အမျိုးသမီးတွေတောင်ပါတယ် တစ်ချို့ဆို ဆံပင်ကောင်းကောင်းနဲ့ အမျိုးသမီး တွေပေါ့နော် ဒီတိုက်ပွဲအတွင်းမှာဆံပင်တွေပြတ်ကျန်ခဲ့တာမျိုး ထိတောင်ရှိတယ်လို့ မြေပြင်ကရဲဘော်တွေက ပြောတယ်လို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စုစုပေါင်း ၁၅ယောက်ခန့်ကျဆုံးကာ အထိနာခဲ့တဲ့အတွက်မနက် ပိုင်း ၁၁နာရီဝန်းကျင်လောက်မှာတော့ တံတားဦးလေတပ်ကနေ A5 Bomber လို့ခေါ်တဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ရေးသုံးပစ္စည်းနဲ့ ကျည်ဆံတစ်ချို့ကိုလည်း သိမ်းဆည်း နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတော့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးနင်းရွာထဲက ရေဝန်းဘုန်းကြီး ကျောင်းထဲမှာ တပ်စွဲထားပြီး ဒီကနေ့ ဩဂုတ်လ၈ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ရဘူး လို့ ဒေသခံတွေ က ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆားလင်းကြီးမြို့နယ်ကနေ ပုလဲမြို့နယ်ထဲကို ဩဂုတ်လလဆန်းပိုင်းကစလို့ ရောက်ရှိနေတာဖြစ်ပြီး ပုလဲနယ်ထဲက ပျူစောထီးရွာတွေအတွက် ရိက္ခာစုဆောင်းပေးဖို့ စစ်ကြောင်းထိုးနေ တာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောဆိုကြပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ဩဂုတ်လ၂ရက်နေ့ကလည်း ပုလဲနယ် တနယ်ရွာကို စစ်ကြောင်းထိုးပြီး ကင်းစောင့်နေတဲ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကို လည်ပင်းလှီးသတ်ဖြတ်ခဲ့ပါသေးတယ်။

အဲ့ဒီစစ်ကြောင်းကြောင့်ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်းနဲ့သေတ္တရာ ရွာတွေက ဒေသခံ၅ထောင်ခန့်ထွက်ပြေးခဲ့ကြရပြီးတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်တဲ့အတွက် ဒေသခံတွေ ဂရုစိုက်နေထိုင်ကြဖို့ ကာကွယ်ရေးတပ်တွေဘက်က သတိပေးထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂ သန်းနီးပါးရှိ လာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

PHOTO- သြဂုတ်လ ၇ရက်နေ့ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့တဲ့ စစ်ရေးသုံးပစ္စည်းနဲ့လက်နက်ခဲယမ်းများ

Show More

Related Articles

Back to top button