သတင်း

နာဂလက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွားတဲ့ ရဲတပ်ကြပ်သေဒဏ်စီရင်လိုက်ပြီလို့သတင်းထွက်ပေါ်လာ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရဲစခန်းက တပ်ကြပ်တစ်ဦးကို နာဂလက်နက်ကိုင်အဖွဲ့(NSCN-K) က ဘိန်းဖြူ ဖြန့်ဖြူးမှုနဲ့ ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်ပေးခြင်းမရှိတဲ့အပြင် သေဒဏ်စီရင်လိုက်ပြီလို့ သတင်းတွေထွက်ပေါ် နေပါတယ်။

နန်းယွန်းမြို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်းထဲက တပ်ကြပ်စိုးမင်းသန်းကို ဘိန်းဖြူဖြန့်ဖြူးရောင်းဝယ်မှုတွေ ပြုလုပ်တယ်ဆိုတဲ့အထောက်အထားနဲ့ NSCN-K က လွန်ခဲ့တဲ့အပတ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ နန်းယွန်းမြို့နယ်ရဲစခန်းနဲ့ ရင်းနှီးတဲ့တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

ဟုတ်ကဲ့ဖမ်းခေါ်သွားတာတော့ဟုတ်ပါတယ် လွန်ခဲ့တဲ့အပတ်ကတည်းကဖမ်းခေါ်သွားတာပါ အခုထိတော့ပြန်မလွတ်လာသေးဘူး NSCN-K အဖွဲ့ခေါ်သွားတာဟုတ်ပါတယ်လို့ အတည်ပြုပြောကြားပါတယ်။

နာဂလက်နက်အဖွဲ့ကြားထဲမှာ လက်ရှိ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်တဲ့အဖွဲ့နဲ့ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့အဖွဲ့ဆိုပြီး NSCN-K နှစ်ဖွဲ့ထဲက ရဲတပ်ကြပ်စိုးမင်းသန်းကို ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်အဖွဲ့က ဖမ်းခေါ်သွားတာလို့ သိရပါတယ်။

ကျွန်တော်တို့ကြားရတာကတော့ အဲ့ဒီရဲတပ်ကြပ်က နန်းယွန်းတို့ဒုံဟီးတို့ဘက်မှာ ဘိန်းဖြူ တွေဖြန့်တယ်ပြောတယ်အဲ့ကြောင့် NSCN-Kက ဖမ်းခေါ်တာပေါ့နော် ရှင်းလိုက်ပြီလို့ပြောတယ် ၊သေဒဏ်ပေးလိုက်တာပေါ့ ခေါပြီဆိုကတည်းက သေဒဏ်ပဲ မူးယစ်ဆေးတို့ဘာတို့ပြစ်မှုကြီးရင်တော့သေဒဏ်ပေးတာများတယ်လို့ အခြားဒေသခံအမျိူးသားတစ်ဦးကပြောပါတယ်။

နာဂဒေသတိုင်းရင်းသားသတင်း Channel တစ်ချို့နဲ့ ဒေသခံတွေကတော့ အဲ့ဒီရဲတပ်ကြပ်ကို NSCN-K ကသေဒဏ်စီရင်လိုက်ပြီလို့ပြောဆိုနေမှုအပေါ်  KNG က နာဂလက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဒီနေ့ချိန်ထိ ဆက်သွယ်မရသေးပါဘူး။

ရဲတပ်ကြပ် စိုးမင်းသန်ဟာ ၂၀၂၂ ခုနှစ်တုန်းကလည်းဘိန်းဖြူရောင်းဝယ်ဖောက်ကားနေတဲ့အတွက် NSCN-K တပ်ဖွဲ့ရဲ့သတိပေးခြင်းတစ်ကြိမ်ခံရပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် အခုလိုသေဒဏ်စီရင်လိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။

NSCN-K အနေနဲ့ ၂၀၂၁ ခုနှစ်ကလည်း ဒုံဟီးမြို့နယ် ရဲစခန်းက တပ်ကြပ်ဝေယံဟိန်း၊ ရှင်ဗွေယန် မြို့က ဦးမျိုးသူရ()ဦးအောင်မြင့်နှင့် ဦးကျော်လှိုင်()ဦးတင်လှိုင်သုံးဦးတို့ကို မူးယစ်ဆေးဝါးဖြန့်ဖြူးမှုအထောက်အထာနဲ့ တစ်ချိန်တည်းဖမ်းဆီးပြီး သေဒဏ်စီရင်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

NSCN-K အနေနဲ့ ယခုလိုမျိုး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေ၊ NSCN-Kကို ပုန်ကန်သူတွေနဲ့ အခြားပြစ်မှုကြီးလေးတဲ့သူတွေကို သေဒဏ်စီရင်တာမျိုး ယခင်ကတည်းက ပုံမှန်ဆောင်ရွက်နေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button