သတင်း

နမ့်ဖတ်ကာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားလာရင် ပြည်သူတွေကို မငဲ့တော့ဘဲ လက်နက်ကြီးပစ်ခတ်တော့မယ်လို့ စစ်တပ်ပြော

ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလာရင် ဒေသခံပြည်သူတွေကို မငဲ့ညာတော့ပဲ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တော့မယ်လို့ သတိပေးပြောဆိုလာတဲ့အတွက် နမ့်ဖတ်ကာဒေသခံတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

နမ့်ဖတ်ကာမှာ တပ်စွဲနေထိုင်တဲ့ စစ်တပ် ခ..ရ ၁၂၃ တပ်က ဩဂုတ်လ ၄ ရက်နေ့မှာ နမ့်ဖတ်ကာကျေးရွာက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုခေါ်ယူပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားလာရင် အကြောင်းကြားဖို့နဲ့ လက်နက်သံမြည်လာရင် နေရာမရွေးလက်နက်ကြီးပစ်ခတ်တော့မယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ယခုလို KNG ကချင်သတင်းဌာနကို ပြောဆိုပါတယ်။

နမ့်ဖတ်ကာမှာက TNLA တွေလည်းလှုပ်ရှားနေတော့ ဟိုတနေ့ညက စစ်တပ်တွေ ပစ်ခတ်ခံရလို့ နောက်နေ့မနက်တော့ ရာအိမ်မှူး၊ အုပ်ချူပ်ရေးပိုင်းတွေအားလုံးကို ခေါ်ယူပြီး အခုကနေစပြီး ဘယ်ဘက်ကနေဖြစ်ဖြစ် သေနတ်သံကြားတဲ့ဘက်ကို လက်နက်ကြီးပစ်မယ် ဆိုပြီးပြောတယ်တဲ့။ သတ္တိရှိရင်တော့ ပစ်လာလိုက် ရွာသားတွေကို မငဲ့ညာတော့ဘူးဆိုပြီး ပြောတယ်တဲ့ ဟုနမ့်ဖတ်ကာဒေသခံပြည်သူတစ်ဦး ပြောပါတယ်။

ဩဂုတ် ၃ ရက်နေ့ည စစ်ကောင်စီတပ်ဖွဲ့ကို တအာင်းတပ်ဖွဲ့ TNLA က ဆိုင်ကယ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့တဲ့ နောက်နေ့မှာပဲ ရွာက အုပ်ချူပ်ရေးပိုင်းတွေကို ခေါ်ယူပြီး သတိပေး ခြိမ်းခြောက်ပြောဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာမှာ တအောင်းတပ်မတော် TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ အဓိကထား လှုပ်ရှားတဲ့နေရာဖြစ်ပြီး ကိုးကန့် MNDAA တပ်တို့လည်း တစ်ခါတစ်လေ ဝင်ရောက်လှုပ်ရှားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

ခုကစလို့ မင်းတို့တွေ အကြောင်းမကြားရင်တော့ ကြိုက်တဲ့နေရာကို လက်နက်ကြီးနဲ့ပစ်မယ်။ ပြည်သူကို တွေကို ကြည့်မနေတော့ဘူးဆိုတဲ့ အဓိပ္ပါယ်တဲ့။ ဒီမှာက TNLA နဲ့ KIA ရွာနီးနားမှာ အမြဲနေရာယူလှုပ်ရှားနေတော့ စိုးရိမ်တာပေါ့” လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီအစိုးရအောက် ဖွင့်လှစ်သင်ကြားပေးနေတဲ့အခြေခံပညာရေးကျောင်း တွေကို ဘယ်လက်နက်ကိုင်အဖွဲ့ကဖြစ်ဖြစ် တားမြစ်လာမယ်ဆိုရင် အသင်းတော်အခြေပြုဖွင့်လှစ်ထား တဲ့ ကျောင်းအားလုံးလည်း ပိတ်ဖို့ကိုလည်း ပြောဆိုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နမ့်ဖတ်ကာမှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းကို TNLA မှ ကျောင်းပိတ်ဖို့ စာပို့ထားတာရှိသလို ဇွန်လကလည်း ကျေးရွာအတွင်း စားသင်ကျောင်း ၄ ကျောင်းခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ကျောင်းပိတ်ရန် စာပို့ခဲ့တာတွေရှိခဲ့ပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်နဲ့ အသင်းတော်အခြေပြုပြီးဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို ပိတ်ဆို့မယ်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလာတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲရှိရှိ၊ မရှိရှိ စစ်ကောင်စီတပ်မှ ပုံမှန် လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေတဲ့အတွက် ထွက်ပြေးစရာနေရာမရှိတဲ့ ဒေသခံပြည်သူတွေဟာ အချိန်ပြည့်စိုးရိမ်ကြောက်ရွံ့လျက်သာရှိနေနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်ဟာ ခုခေါ်ယူပြောဆိုတာတွေမလုပ်ခင်ကတည်းက ဒေသတွင်း ပုံမှန်လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူထိခိုက်သေဆုံးမှုရှိနေတဲ့အထဲ ခုလိုခေါ်ယူပြောဆိုလာတဲ့အပေါ် ပိုမိုသတိထားကြောက်ရွံ့ရတော့မယ့်အခြေအနေရောက်နေတယ်လို့ နောက်ထပ်နမ့်ဖတ်ကာဒေသခံ တစ်ဦးက ပြောပါတယ်။

အခုလိုပြောဆိုပြီးလုပ်လို့ကတော့ ရွာသားတွေအတွက် ပိုကြောက်ရတာပေါ့။ နဂိုကတည်းက ဘာမှမပြောထားရင်တောင် ဒီလောက်ပစ်ခတ်နေတာ။ အခုတော့ ပြောပြီးမှလုပ်တယ်ဆိုတဲ့ ပုံစံရောက်သွားတော့ ပိုပြီးဆိုးရွားလာမဲ့ အခြေအနေရှိတယ်။ ဥပမာ နည်းနည်းပါးပါး သေနတ်သံမြည်ရင် အဲ့အနီးနားက ရွားသားတွေက အင်မတန် သတိထားကြောက်ရွံ့ရလိမ့်မယ်။ သူတို့က ဘာမှမပြောရင်တောင် ရွာထဲလက်နက်ကြီးပစ်ထည့်နေတာဆိုတော့ ဟု ပြောပါတယ်။

နမ့်ဖတ်ကာဒေသမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲတာတွေကြောင့် ဇူလိုင်လ တစ်လအတွင်းထဲမှာပဲ ပြည်သူ ၁၆ ဦး ထိခိုက် သေဆုံးမှုရှိခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီစစ်ကြောင်းက မူဆယ်မြို့နဲ့ ကွတ်ခိုက်ကြား ကားလမ်းတစ်လျှောက် နေရာယူလှုပ်ရှားနေပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတင်းကြပ်တာတွေလုပ်ဆောင်နေကြောင်း သိရပါတယ်။

အဲ့ဒါအပြင် မူဆယ်မြို့မှာတော့  ည ၁၀ နာရီမှ နံနက် ၄ နာထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ( မာရှယ်လော) ထုတ်ပြန်ထားကြောင်းသိရပါတယ်။

Show More

Related Articles

Back to top button