ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေကို ပုဒ်မ ၅၀၅- က နဲ့အမှုဖွင့် အရေးယူ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသန်းမြင့်ဝေကို စစ်တပ်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅က နဲ့ အမှုဖွင့်အရေးယူလိုက်ပြီလို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေါက်တာသန်းမြင့်ဝေကို CDM လှုပ်ရှားမှုမှာ ပါဝင်လှုံ့ဆော်တာတွေအပြင် ဆန္ဒပြပွဲမှာထိခိုက်သူတွေကို ဆေးကုပေးတယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ ဩဂုတ်လ ၂ ရက်နေ့ ဆေးခန်းနေအိမ်ကနေ အိမ်စီးကား ၅ စီးနဲ့စစ်အင်အားအလုံးအရင်းသုံးပြီး လာရောက်ဖမ်းဆီးသွားရာကနေ ၅ ရက်ကြာမှာ ဖားကန့်မြို့နယ်ဦးစီးမှူးကနေ တရားလိုပြုလုပ်ပြီး တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ဖားကန့်မြို့မိမြို့ဖ တစ်ဦးက KNG ကိုပြောပါတယ်။

ကျနော်တို့လည် မနေ့ညကြားသိလိုက်ရတာ တပ်ဘက်က တရားစွဲလိုက်ပြီဆိုတဲ့ ခုလောလောဆယ်တော့ ဖားကန့်ရဲ့စခန်းမှာ ချုပ်ထားတုန်းလို့ သိရတယ်လို့ပြောပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံလိုက်တဲ့ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာသိန်းမြင့်ဝေဟာ ၂၀၁၉ ခုနှစ်မှာ ဖားကန့်ဆေးရုံအုပ်တာဝန်ကနေ တရားဝင်နုတ်ထွက်ထားသူဖြစ်ပြီး ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတဲ့အပြင် CDM လုပ်ထားတဲ့ ဆရာတစ်ဦးကိုလည်း အလုပ်ခန့်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်ကာကွယ်ရေးတပ်ပြောတာကတော့ “ ဆရာဝန်ဆိုတာ ဟိုလူနာမှဒီလူနာမှ ကုပေးမယ်ဆိုပြီး ရွေးချယ်လို့မရတာ လူနာမှန်သမျှ ကုပေးရမှာဘဲ။ စစ်တပ်က ခုလိုလုပ်နေတာတွေက သူတို့ဘက်က ကျရှုံးလာနေလို့ဘဲလို့ မြင်ပါတယ်” လို့ပြောပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ပုဒ်မ ၅၀၅က ဟာ အာမခံပေးခွင့်မရှိ အချုပ်ဖြင့် အမူရင်ဆိုင်ရတဲ့ ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်သူတွေ အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဩဂုတ်လ ၇ ရက်နေ့ထိ ဖမ်းဆီးခံရသူ ၂၄၂၂၈ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button