စစ်ပြေးဒုက္ခသည်များသတင်း

ကသိုဏ်းတောင်စစ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် နမ့်မော်ရွာက အရပ်သားပြည်သူရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ

ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်မော်နဲ့ ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို  ဒီနေ့မနက် ကချင်လွတ်‌လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာလာနေတဲ့အတွက် နမ့်မော်အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှော်ရှန်ကျေးရွာဒေသခံ တွေဆီကနေ သိရပါတယ်။

အဲဒီ နမ့်မော်ဘက်က အရပ်သားပြည်သူတွေဟာ လက်ရှိဆိုင်းတောင်ကျေးရွာအုပ်စု၊မှော်ရှန်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်လာကြတယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုခုလို ပြောပါတယ်။

 

စိမ်မြသုခကျောင်းမှာ နှစ်ဆယ်လောက်ရောက်ခဲ့တယ်၊မှော်ရှန်ကျောင်းမှာတော့ လေးရာနီးပါး ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီကနေ့မနက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုများတာကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်တဲ့အတွက် ခုလိုထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့  ဖားကန့်ဒေသ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာရှိတဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းနှင့် ဆယ်ဇင်းကျေးရွာရှိ စစ်တပ်စခန်းကို KIA ဘက်က တစ်ရက်ထဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဘက်က လေကြောင်းနဲ့ထပ်ပြီးတိုက်ခိုက်လာနိုင်လို့ ပြည်သူတွေ သတိထားနေဖို့ကိုလည်း  KIO  သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ခုလိုပြောပါတယ်။

သူတို့ဘက်က စခန်းတွေလက်လွှတ်လိုက်ရတော့ ပြန်ကလဲ့စားချေလာနိုင်တယ် လေကြောင်းတွေ ထပ်သုံးလာနိုင်တယ် ဒါကြောင့် ပြည်သူတွေသထိထားနေကြဖို့ကိုလည်း ပြောချင်တယ်လို့ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်ရဲ့ပန်းတင်တံတားဂိတ်တပ်စခန်းတိုက်ခိုက်ခံရချိန်မှာလည်း စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေများခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်က နိုဝင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ဆယ်ဇင်းတိုက်ပွဲမှာလည်း ဒေသခံတွေရဲ့လူနေအိမ်မီးရှို့ခံရလို့ အရပ်သားပြည်သူထောင်ချီစစ်ဘေးရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။  

Show More

Related Articles

Back to top button