စစ်ပြေးဒုက္ခသည်များသတင်း

စယ်လန်ရွာနီးမှာ စစ်တပ် နဲ့ TNLA ဘက်က စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

မူဆယ်မြို့နယ် စယ်လန်ကျေးရွာမှာ ဒေသခံတွေ စစ်ရှောင်နေရာကနေ နေရပ်ပြန်လာကြပေမယ့် ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့အတွက် စိုးရိမ်စိတ် နဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မူဆယ် နဲ့ နမ့်ခမ်းမြို့နယ်ကြား စယ်လန်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် ဒေသခံလူဦးရေ ၁ ထောင်ကျော် နီးစပ်တဲ့ မြို့ ကျေးရွာတွေကို ဩဂုတ် ၂၉ ရက်နေ့က စစ်ရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၄ ရက်နေ့မှာ စစ်ရှောင်အားလုံး နေရပ်ပြန်လာနေထိုင်ကြပေမယ့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုစိုးရိမ်နေရတယ်လို့ စယ်လန်ဒေသခံအမျိုးသားတစ်ဦးက KNG ကို အခုလိုပြောပါတယ်။

ရွာသားတွေ အားလုံးတော့ ပြန်လာကြပါပြီ။ ဒါပေမဲ့ ရွာဝင်ရွာထွက် ဘေးပတ်ဝန်ကျင်တစ်ခုလုံးက စစ်တပ်နဲ့ TNLA နှစ်ဖက်စလုံး နီးနီးကပ်ကပ် လှုပ်ရှား သွားလာနေကြသေးတော့ ကျနော်တို့လည်း သတိနဲ့ စိုးရိမ်စိတ်နဲ့ပဲ နေနေရတာပေါ့။ အခုက လုပ်ကိုင်စားသောက်ရေး ၊ သွားလာလှုပ်ရှားရေးမှာလည်း လမ်းတွေမှာ နှစ်ဖက်စလုံးက စစ်ဆေးရေးတွေ တင်းကြပ်တာတွေ အမျိုးမျိုးရှိနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲသံငြိမ်သက်သွားလို့ နေရပ်ပြန်လာကြပေမဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေက ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေ၊ အရပ်သားနေအိမ်တွေမှာ ဝင်ရောက်နေထိုင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိ စယ်လန့်ကျေးရွာအနီးပတ်ဝန်းကျင် အခြေအနေနဲ့ ပတ်သက်ပြီး  ဒေသခံအမျိုးသားတစ်ဦးက  လက်ရှိမှာတော့ တိုက်ပွဲအခြေအနေတင်းမာနေတာလည်း မဟုတ်ဘူး။ TNLA ဘက်ကလည်း ပြည်သူနေအိမ်တွေထဲ ကြိုက်သလို ဝင်နေရာယူ ဝင်အိပ်ပြီး အချင်းချင်းအရမ်းချောင်းမြောင်းကြသလို ပုံဖော်ပြီး တကယ်တော့ သူတို့အချင်းချင်းက နီးနီးကပ်ကပ်ပဲလေ။ ကျနော်တို့ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေ နေတဲ့နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ နေထိုင်ဖို့ ကြပ်တည်းအောင် လိုက်လုပ်နေတယ်လို့ ပဲမြင်တယ်။” လို့ စယ်လန်ကျေးရွာဒေသခံက ပြောဆိုပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်-နမ့်ဖတ်ကာ- မူဆယ်- နမ့်ခမ်း မြို့နယ်က နေရာဒေသတချို့မှာ အရင်က တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA စစ်ရေးလှုပ်ရှားတာ မရှိပေမယ့် အခုနောက်ပိုင်း ခပ်စိတ်စိတ် နေရာယူလာတဲ့အတွက် ဒေသခံတွေကြား ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

Show More

Related Articles

Back to top button