သတင်း

စစ်သင်္ဘော ၆ စီး မန္တလေးကနေ ဧရာဝတီမြစ်အထက်ဘက်ကို ဆန်တက်လာ

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ လက်နက်နဲ့ ရိက္ခာအပြည့်တင်ဆောင်ထားတဲ့ စစ်သင်္ဘော ၆ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဦးတည်ပြီး ဆန်တက်လာနေတယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အဲဒီသင်္ဘော ၆ စီးဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်ကနေ ဆန်တက်လာတာဖြစ်ပြီး  ဖလက် ၃ စီး၊ ၂ ထပ် သင်္ဘော ၁ စီး နဲ့ တွဲတွန်းသင်္ဘော ၂ စီးဖြစ်ပြီး စစ်သား အင်အား ၁၀၀ နီးပါး နဲ့ လက်နက်ခဲယမ်းရိက္ခာအပြည့်တင်ပြီး တက်လာနေတာလို့ Wetlet Informational Network အဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မနေ့က မနက်ပိုင်းအစောကြီးတက်လာတာ ဒါကနှစ်ကြိမ်မြောက်တက်လာတာ ဟိုတလောကပဲဗန်းမော်အထိတက်သွားပြီးတော့ ပြန်ဆင်းလာတာ ၁ လတောင်မပြည့်သေးဘူး။ အခုပြန်တက်နေပြီ ရိက္ခာနဲ့လက်နက်ခဲယမ်းများတယ် အင်အားကတော့ ၁၀၀ လောက်ရှိမယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မန္တလေးကနေ ဗန်းမော်ဘက်ကို စစ်သင်္ဘော ၉ စီးနဲ့ စစ်သားအင်အား ၃၀၀ ခန့်၊ လက်နက်ခဲယမ်းရိက္ခာတွေ လာရောက်ပို့ဆောင်ခဲ့ပါတယ်။

အဲဒီနောက် သင်္ဘော ၉ စီးဟာ ဩဂုတ်လနောက်ဆုံးအပတ်ကဲ ဗန်းမော်ဘက်ကနေ မန္တလေးကို ပြန်ဆိုက်ကပ်ခဲ့ပြီး ၁၀ ရက်လောက်အကြာမှာပဲ တစ်ဖန်ပြန်တက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီ စစ်သင်္ဘောတွေ အထက်ဘက်ကိုပြန်ဆန်တက်နေတာဟာ စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် ဗန်းမော်ဘက်ကိုတက်ဖို့ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ကြပါတယ်။

ဒီတစ်ခါတော့ မြစ်ကြောင်းကရေကြီးနေတော့ ပစ်ခတ်မှုလည်းမရှိဘူး သူတို့လည်းအရှေ့ကမ်းဘက်ခြမ်း မန္တလေးဘက်ကပဲ ကပ်တက်နေတာ။ အခုက အဓိကကတော့ သူတို့ဘက်က အထက်ဘက်မှာ ရိက္ခာ တော်တော်ပြတ်နေပုံပေါ်တယ် အထက်ဘက် ကချင်ဘက်မှာလည်း စစ်ရေးအရှိန်က အရမ်းမြင့်နေတော့ အဲ့တာကြောင့် မဖြစ်မနေရိက္ခာပြန်ပို့နေတာ လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်သုံးသပ်ပါတယ်။

စစ်သင်္ဘော  ၆ စီးဟာ စက်တင်ဘာလ ၁၀ ရက်နေ့  မနေ့ညမှာတော့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်မှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီကနေ့ မနက်ပိုင်းကစလို့ ပြန်ဆန်တက်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝက်လက်မြို့နယ်အကျော် ကျောက်မြောင်းမြို့နားကို ရောက်ရှိနေပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘော ၉ စီး ဆန်တက်လာချိန်မှာတော့ စစ်ကောင်စီတပ်ဘက်က မြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးဒဏ်ရာရခဲ့တာတွေရှိသလို ကာကွယ် ရေးတပ်တွေဘက်ကလည်း အဲ့ဒီစစ်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်ကလည်း အထိနာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြစ်ရေတက်နေချိန် ရေမျက်နှာပြင်ကျယ်နေတဲ့အတွက် ကာကွယ်ရေးတပ်ဘက်ကလည်း တိုက်ခိုက်ဖို့ ခက်ခဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button