တိုက်ပွဲသတင်း

ခလားယန်(Hkala Yang)မှာ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်းအထိနာနေ

စစ်ရေးတင်းမာနေတဲ့ နမ်ဆန်ယန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ခလားယန်(Hkala Yang)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး အထိနာနေတယ်လို့  ဒေ့ါဖုန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလဆန်းပိုင်းကနေဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲရောက်ရှိနေတဲ့ စစ်ကောင်စီယာဉ်တန်း ၂၅ စီးဟာ စက်တင်ဘာလ ၉ ရက်နေ့ ဒေါ့ဖုန်းယန်အထက်ဘက်ကို ပြန်လည်ထွက်ခွာလာတဲ့အချိန် ၂ မိုင်လောက်အကွာမှာရှိတဲ့ ခလားယန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က လမ်းကြောင်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

KIA ဘက်ကနေ စစ်ကောင်စီယာဉ်တန်းတွေကို အထက်ကိုတက်လို့သွားလို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တဲ့ အတွက် စစ်ကောင်စီရဲ့ စစ်ရိက္ခာတင် စစ်ကား ၃ စီး တစ်စစီ မီးလောင်ပျက်စီးသွားပြီး ထိခိုက်သေဆုံးတာတွေရှိသလို စစ်ကားတစ်ချို့မှာ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေါ့ဖုန်းယန် ဒေသခံအမျိုးသားတစ် ယောက်က KNG ကိုပြောပါတယ်။

အခုတက်လာတဲ့ စစ်ကားတွေထဲကနေ ၃ စီးက မီးလောင်ပျက်စီးသွားပြီ။ ခလားမှာတိုက်ခိုက်ခံရတော့ ပျက်စီးသွားတဲ့ ကားတွေလည်းများတယ်။ မောင်းလို့ရသေးတဲ့စစ်ကားတွေက ဒေါ့ဖုန်းယန် တပ်စခန်းမှာ ပြန်မောင်းလာတာရှိတယ်။ ပြီး သူတို့ဘက်ကနေ မောင်းပြန်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ လုပ်နေကြတယ်။ မနေ့ည မောင်းလာတဲ့ထဲမှာဆိုရင် ဒဏ်ရာရတဲ့ စစ်သားတွေလည်းပါတယ်လို့ပြောပါတယ်။

ခလားယန်မှာ KIA တပ်တွေရဲ့ ပိတ်ဆို့ပြီး တိုက်ခိုက်ခံရတဲ့ထဲမှာ ထိခိုက်သေဆုံးသွားတဲ့ တပ်သားတွေကို ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲကို လာရောက်ပို့ဆောင်ထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ခလားယန်မှာ တိုက်ခိုက်ခံရတာကြောင့်  စစ်ယာဉ်တန်း ၂၅ စီးကနေ စစ်ကား ၁၀ စီးလောက်က ဒေါ့ဖုန်းယန်ဘက်ကို မနေ့က ပြန်ခေါက်ဝင်လာတာရှိတသလို ဒေ့ါဖုန်းယန်ဘက်ကနေလည်း ပြန်ထွက်သွားတဲ့ စစ်ကားတွေလည်းရှိနေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံက ဆက်ပြောပါတယ်။

စစ်ကြောင်းတွေက ခလားကနေ ဆက်သွားလို့မရဘူးဖြစ်နေတယ်။ မနေ့ပိုင်းက တိုက်ခိုက်ခံရတဲ့ ကား ၁၀ စီးလောက်က ဒေါ့ဖုန်းယန်တပ်စခန်းထဲကို ပြန်ခေါက်ဝင်လာကြတယ်။ ဒီမနက် ၅ နာရီလောက်မှာ ၅ စီးလောက် ပြန်ထွက်သွားပြီ။ ပြီးတော့ ဒီမနက် ၈ နာရီလောက်မှာ ၆ စီးလောက် ပြန်ဝင်လာတယ်။ အဲ့ဒီ ၆ စီးက ကားတံခါးမပါတဲ့ ကားတွေလည်းပါတယ်။ ဘီးပေါက်တဲ့ကားတွေလည်းပါတယ်။ အဲထဲမှာ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်။ ဝင်လိုက် ထွက်လိုက်နဲ့ လုပ်နေကြတယ်လို့ပြောပါတယ်။

တဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ပိတ်ဆို့ခံထားရတဲ့ စစ်ယာဉ်တန်းထွက်ခွာနိုင်ဖို့ရန်အတွက် ဟန်းဂိုင်ဘွမ့်(Hanggai Bum)နဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) စစ်တပ်ကုန်းနေရာတွေကနေ လက်နက်ကြီးများနဲ့ တစ်ကြိမ်မှာ ၁၀ ကြိမ်ထက်မနည်း KIA တပ်ဖွဲ့တွေရှိတဲ့ နေရာဘက်ကို အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်စခန်းကနေ ထွက်ခွာလာကြတဲ့စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာ KIA တပ်တွေက လမ်းကြောင်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် အထက်ကို ဆက်သွားလို့မရပဲ တိုက်ခိုက်ခံနေရတာ ၂ ရက်ရှိပြီဖြစ်တယ်။

ဒေါ့ဖုန်းယန် တပ်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းထဲမှာ စစ်အင်အားအပါ စစ်ရိက္ခာအပြည့် တင်လာဆောင်လာတဲ့ စစ်ကား ၂၅ စီးရှိပြီး အဲဒီ စစ်ယာဉ်တန်းဟာ ဒေါ့ဖုန်းယန် တပ်စခန်းထဲမှာ တစ်ပတ်လောက်အကြာရောက်ရှိနေကြတဲ့ စစ်ယာဉ်တန်းဖြစ်သလို KIO ရဲ့ လုံခြုံရေးထိန်းချုပ်နယ်မြေ နမ်ဆန်ယန်အနီးတဝိုက်မှာရှိတဲ့ စစ်တပ်နေရာမှာတွေမှာ စစ်အင်အား လက်နက်ရိက္ခာတွေ သွားရောက်ပို့ဆောင်ပေးဖို့ တက်လာကြတဲ့ စစ်ကြောင်း ယာဉ်တန်းတွေလည်းဖြစ်ပါတယ်။

လက်ရှိ ဒေါ့ဖုန်းယန်နဲ့ ခလားယန် လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ တိုက်ပွဲပြင်းထန်နေတာ ကြောင့် သွားလာရေးလမ်းကြောင်းများ ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် အဲဒီဒေသမှာရှိတဲ့ ဒေသခံရွာသားတွေက သွားလာလို့မရပဲ အခက်အခဲဖြစ်နေကြတယ်လို့လည်းသိရပါတယ်။

Show More

Related Articles

Back to top button