သတင်း

စက်တင်ဘာလ ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ယင်းမာပင်နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကြားကာလပညာသင်ကြားနေတဲ့စာသင်ကျောင်းကို စစ်ကောင်စီတပ်က မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ယင်းမာပင်မြို့နယ် အနောက်ဘက်ခြမ်း ပွင့်ကြီးတောတိုက်ရွာမှာရှိတဲ့ စာသင်ကျောင်း၊ဆေးခန်း နဲ့ ဘုန်းကြီးကျောင်းကို mi 35 ရဟတ်ယာဥ်အမျိုးအစားနဲ့ ၁နာရီနီးပါးလောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဗုံးသီး၁၇လုံးနဲ့ စက်လက်နက်တွေနဲ့ပစ်ခဲ့တာ ပျက်ဆီးသွားတာတော့ စာသင်ကျောင်းရယ် ကျောင်းမှာရှိတဲ့ ဆေးပေးခန်းလေးတစ်ခုရယ် တစ်ထပ်ကျောင်းဆောင်တစ်ခုရယ် အမိုးတွေစကာပေါက်ဖြစ်ကုန်တာပေါ့ ဒေသခံတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။

စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံကျောင်းဖြစ်ပြီး ကျောင်းသား ၁၀၀ကျော် အထက်တန်းအထိ ပညာသင်ပေးနေတဲ့ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစာသင်ကျောင်းက ကလေးငယ်တွေဟာ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာနဲ့ ၄ မိုင်လောက်အကွာမှာရှိတဲ့ ကပိုင်ရွာကနေ စစ်ဘေးရှောင်လာတဲ့ကလေးငယ်တွေဖြစ်ပြီးတော့ ကျောင်းဆင်းချိန်ဖြစ်တဲ့အတွက် ကလေးငယ်တွေအန္တရာယ်ကင်းခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။

စစ်ဘေးရှောင်တွေလို့လည်းပြောလို့ရတယ် ကပိုင်ရွာကမီးရှို့ခံရလို့ ဒီရွာအပြင်ဘက်ကိုရှောင်နေကြတာ အရင်က ကပိုင်ရွာနဲ့တွဲဖွင့်ခဲ့တဲ့ တွဲဖက်ကျောင်းတစ်ခုဘဲ ကလေးတွေကတော့ ကျောင်းဆင်းချိန်မို့ ဘေးကင်း ခဲ့တာ ဝါတွင်းဥပုသ်ကြောင့်တနင်္ဂနွေလည်းကျောင်းဖွင့်ထားတာပါ” လို့ ယင်းမာပင်အနောက်ခြမ်းက ဒေသခံ အမျိုးသားတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ မေလ နောက်ဆုံးအပတ်ကလည်း ယင်းမာပင်မြို့နယ် ကပိုင်ရွာ အနီးကမြေသယ်တဲ့ဖောကားနှစ်စီးကို ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ပညာရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေတိုက်ခိုက်ခံရတဲ့အထဲမှာ မြန်မာ နိုင်ငံလည်း ထိပ်ဆုံးစာရင်းတွေထဲပါဝင်နေတယ်လို့ နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ Global Coalition to Protect Education From Attack(GCPEA) ကထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button