ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ကသာနယ်မှာ  အရပ်သား  ၉ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ အရပ်သား ၄၀ ကျော်ထဲက ၈ ဦးသတ်ဖြတ်ခံရတဲ့အပြင် နောက်ထပ် အင်းရွာနားမှာလည်း တစ်ဦးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ ကသာနယ် ငအိုးတပ်ထဲကနေ ကျောက်ထုံးကြီးရွာ ၊အင်းဒရန့်ရွာနှင့်ပျဥ်းလေးပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ ငအိုး ၁၂၁ တပ်ဟာ လမ်းတစ်လျှောက်တွေ့သမျှအရပ်သားတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးလာပြီး ဖမ်းဆီးရမိတဲ့ အရပ်သား ၄၀ ကျော်ထဲက  ဦးကို သတ်ဖြတ်ထားခဲ့တယ်လို့ ကသာPDF နဲ့နီးနပ်တဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ပျဥ်းလေးပင်မှာကတစ်ယောက်သတ်ထားတယ် ပြီးတော့ ညောပင်စုရွာက ညောင်ပင်ကွေ့ခေါ်တယ်အဲ့မှာက ၇ ယောက်တဲ့သတ်ထားတယ်။ သူတို့စစ်ကြောင်းရှိသေးတော့ ဘယ်ရွာကဟာတွေ ဘယ်သူတွေဆိုတာတော့စုံစမ်းလို့မရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လူသားဒိုင်းဖမ်းခံရတဲ့ထဲမှာ အင်းဒရန့်ကျေးရွာဒေသခံ၊ ကျောက်ထုံးကြီးဒေသခံတွေလည်းပါဝင်နေပြီး သတ်ခံရတဲ့သူတွေထဲမှာ ဘယ်ရွာကလူတွေပါတယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကျောက်ထုံးကြီးရွာဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖမ်းခံရတဲ့ထဲမှာ သိရသလောက် အင်းဒရန့်ဘက်ကဟာတွေလည်းပါတယ် အလောင်းတွေကတော့တွေ့နေရပြီး စစ်ကြောင်းရှိနေတော့ဒီဘက်ကလှုပ်ရှားလို့မရသေးဘူး တချို့အလောင်းတောင်ကောက်လို့မရသေးဘူးလို့ ပြောပါတယ်။

အလားတူ ဒီနေ့မနက်ပိုင်းမှာလည်း အင်းရွာအထွက် (ဒေသအခေါ် )ရှစ်ပေကားလမ်းဘေးမှာ အသက် ၂၀ ကျော်လူငယ်တစ်ယောက်ကိုလည်း စစ်ကောင်စီတပ်ကဓားနဲ့ထိုးသတ်ခဲ့တယ်လို့ အင်းရွာဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သတ်ခံရတာက ဦးကျော်ရင်ရဲ့သားဗျ ဘယ်တစ်ယောက်လဲတော့နာမည်မသိလိုက်ရဘူး ဓားနဲ့ရက်ရက်စက်စက်ထိုးသတ်ထားတာ အခင်းသွားတာ သွားတဲ့အခါသူတို့နဲ့တိုးမိသွားလို့ နေရာမှာသတ်ခံလိုက်ရတာအလောင်းကတော့ အဲ့ရှစ်ပေလမ်းဘေးမှာတွေ့တယ်လို့  ပြောပါတယ်။

အင်းရွာက လူငယ်ကိုသတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဟာ လွန်ခဲ့တဲ့ ၄ရက်လောက်ကတည်းက အင်းရွာထဲတပ်စွဲခဲ့တဲ့ စစ်ကြောင်းက သတ်ဖြတ်သွားတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းဟာ လက်ရှိ မန္တလေးကတက်လာတဲ့ စစ်သင်္ဘော  စီးနဲ့အတူ ကုန်းကြောင်းကနေ လုံခြုံရေးလိုက်ပါနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလိုအရပ်သားတွေကိုသတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဟာ မန္တလေးကတက်လာတဲ့ စစ်သင်္ဘော ၆ စီး လက်ရှိ ကသာနယ်ထဲဝင်နေပြီဖြစ်တဲ့အတွက် ကုန်းကြောင်းကနေ လုံခြုံရေးပေးဖို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် လုံခြုံရေးပေးတဲ့ စစ်ကြောင်းတွေဖြစ်ပြီး အင်းဒရန့်၊ အင်းရွာ၊ ကျောက်ထုံးကြီး တစ်လျှောက် တပ်ဖြန့်ပြီးကင်းပုန်းတွေချထားတယ်လို့ ဆိုပါတယ်။

သင်္ဘောအခု အင်းရွာမှာကပ်ထားတယ်။ မထွက်သေးဘူး အင်းရွာဆိုတော့ကသာအောက်ပေါ့ ကသာတော့မရောက်သေးဘူးလို့ ကသာPDF နဲ့နီးစပ်သူကပြောပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လတုန်းကလည်း မန္တလေးကနေ ဗန်းမော်ဘက်ကိုတက်သွားတဲ့စစ်သင်္ဘော ၉စီးကို ကုန်းကြောင်းကနေ လုံခြုံရေးပေးတဲ့စစ်ကြောင်းက အင်းဒရန့်နဲ့ကျောက်ထုံးကြီးထဲက ဒေသခံ ၅ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး အင်းဒရန့်ကျေးရွာထဲကလူနေအိမ် ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Show More

Related Articles

Back to top button