အင်တာဗျူး

မုန်လိုင်ခက် ဖြစ်စဉ်မှာ သား/သမီး ၅ ယောက်ဆုံးရှုံးလိုက်ရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ဆက်သွယ်မေးမြန်ချက်

KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့ မုန်လိုင်ခက်ရွာမှာ အောက်တိုဘာလ ၉ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့  လက်နက် ဗုံးကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရွာသား ၅၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူ ၂၉ ယောက်ထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်များနဲ့ စစ်ရှောင်အမျိုးသမီးတွေ အများဆုံးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီထဲမှာ ဒေါ်ကမ်ဘူရွယ်ဂျီးဆိုတဲ့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က ကလေး ၅ ယောက် ဆုံးရှုံးလိုက်ရပါတယ်။

အခုလို မထင်မှတ်ဘဲ သား ၊ သမီး ၅ ယောက် ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်ကြုံခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး KNG သတင်းဌာန ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။   ။ ရှေးဦးစွာပေါ့လေ ဒေါ်ရဲ့ နာမည်နဲ့ ဒီ မုန်လိုင်ခက်ရွာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နေရာမှာ ဘယ်လို ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါသလဲ။

ဖြေ ။   ကျမ နာမည်ကတော့ ကမ်ဘူရွယ်ဂျီးလို့ခေါ်ပါတယ်။ ကျမမှာ သား/သမီးတွေ အားလုံး ၉ ယောက်ရှိပါတယ်။ အဲထဲမှာ မုန်လိုင်ခက်ပေါက်ကွဲမှုဖြစ်စဉ်ထဲမှာကတော့ သား၊ သမီး ၅ ယောက်က သေဆုံးတဲ့ထဲမှာ ပါသွားပါတယ်။ ၅ ယောက်ထဲမှာ ယောကျားကလေးက ၂ ယောက်၊ မိန်းကလေးက ၃ ယောက်ပါ။ အားလုံးက ဆယ်ကျော်သက်တွေပါပဲ။ အငယ်ဆုံးက ဆယ်နှစ်အရွယ်ပေါ့။

မေး ။    ။ သေဆုံးမှုမှာ သား၊ သမီး ၅ ယောက်ပါသွားတဲ့ အဲဒီည ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်း အခြေအနေကိုလည်း သိရသလောက်ပြောပြပေးပါ။

ဖြေ ။    အဲဒီညက ကျမတို့ မိခင်နဲ့ ဖခင် ၂ ယောက်စလုံးမရှိတဲ့ အချိန်မှာဖြစ်သွားတာဟုတ်တယ်။ မနက်ပြန်လာတဲ့ အချိန်မှာတော့ စစ်ရှောင်စခန်းတွေလည်း မရှိတော့တဲ့ မြင်ကွင်းပဲမြင်ရတော့တယ်။ ပြီးရင် သား သမီး ၅ နဲ့အတူ သေဆုံးသွားကြတဲ့ သူတွေကို တာဝန်ရှိတဲ့ သူတွေက အလောင်းတွေကို သေချာလေးပြင်ဆင်ထားတာကိုပဲ လာတွေ့ရတာဟုတ်တယ်။

မေး ။    ။ စစ်ရှောင်စခန်းက အကုန်ပျက်စီးသွားတယ်ဆိုတော့ အဒေါ်လို မိသားစုလိုက် ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေ ဘယ်နှစ်ယောက်လောက်ရှိလဲ။

ဖြေ ။      အဲ့လို မိသားစုလိုက် သေဆုံးတာဖြစ်တာက ကျမအပါအဝင် အိမ်ထောင်စု ၈ ခုလောက်ရှိပါတယ်။ ကျမတို့က ၅ ယောက်သေဆုံးသွားတယ်။ တစ်ခြားမိသားစုတွေကတော့ ၂ ယောက်၊ ၃ ယောက်၊ ၄ ယောက် အဲ့လိုပါသွားကြတယ်။ မိသားစု ၃ ယောက်အထက် သေဆုံးသွားတာက အိမ်ထောင်စု ၃၊၄ စုလောက်ရှိပါတယ်။

မေး ။    ။ အခုလို မထင်မှတ်ပဲ သား၊ သမီး ၅ ယောက်ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ ။    အဒေါ်မှာက သား၊ သမီး ၅ ယောက် ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်က ရင်ကွဲမတတ်ပါပဲ။ သူတို့ရဲ့နောက်ကို လိုက်သေသွားချင်တဲ့ စိတ်ပဲဖြစ်နေမိတယ်။ အသက်ရှင်စိတ်လည်းမရှိတော့ဘူး။ ဒီထက်လည်း ပြောစရာစကားလည်း မရှိတော့ဘူးပါဘူး။

မေး ။    ။ အခု မုန်လိုင်ခက်မှာ လက်နက်ကြီး ပေါက်ကွဲမှုဖြစ်သွားတဲ့အတွက် ရွာထဲမှာ ပျက်စီးဆုံးရှုံးတာတွေ၊ ပြီးရင် ဒီပေါက်ကွဲမှုက ဘယ်လောက်ကြီးမားတယ်လို့ ပြောလို့ရမလဲ မြင်ကွင်းအခြေအနေကိုလည်း ပြောပြပေးပါအုံး။

ဖြေ ။    မုန်လိုင်ခက် ရွာထဲမှာရှိတဲ့ နေအိမ်တွေကတော့ အကုန်လုံးနီးပါး ထိခိုက်သေကြေ ပျက်စီးသွားပါတယ်။ ဘာတစ်ခုမှ မကျန်ပါဘူး။ အဆုံးရွာဆုံးလို့ပြောရမယ်ဆိုရင်တော့ စစ်ရှောင်စခန်း ၂ ခုစလုံးက တစ်စီဖြစ်သွားတယ်။ ကျမတို့ စစ်ရှောင်တွေက လူလည်းဆုံး၊ ပစ္စည်းလည်းဆုံး။ အသက်ရှင်ကျန်ခဲ့တဲ့ သူတွေက ကိုယ်ပေါ်မှာပါလာတဲ့ အင်္ကျီတစ်ထည်တာပါပဲ။

မေး ။    ။ ပြီးတော့ နောက်တစ်ခုက အခု မုန်လိုင်ခက်မှာ ပေါက်ကွဲမှုဖြစ်ပွားသွားတဲ့ လက်နက်ကြီးက ထူးဆန်းတဲ့ လက်နက်ကြီးဖြစ်လို့ ပြောတယ်။ ဒါက ဘယ်သူ့ရဲ့ လက်ချက်ဖြစ်နိုင်မယ်လို့ ပြောနိုင်မလဲ။

ဖြေ ။    အားလုံးက ဒီတစ်ခေါက် ဖြစ်သွားတဲ့ လက်နက်ကြီးက အရင်ကနဲ့ မတူးဘူး ပြင်းတယ် ဆုံးရှုံးမှုများတယ်။ အဲ့လောက်ပဲ သိရတယ်။ ကျန်တာက မပြောတတ်ဘူး။ ဘယ်သူ့ရဲ့ လက်နက်ကြီးဆိုပြီး ထွေထွေထူးထူးပြောနေစရာမှ မလိုတာ ဒါက စစ်ကောင်စီတပ်ရဲ့ လက်ချက်ပါပဲ။

မေး ။    ။ ပြီးရင် အခု ဒီမုန်လိုင်ခက် ဆိုတဲ့ ရွာကကော KIA တပ်တွေရဲ့ စစ်တပ်နေရာလား။ ဒါမှမဟုတ် ဒေသခံတွေနဲ့ စစ်ရှောင်တွေပဲရှိနေတဲ့ ရွာလား ဒီအပေါ်မှာလည်း ပြောပြပေးပါအုံး။

ဖြေ ။    ကျမတို့ မုန်လိုင်ခက်မှာက ရွာသားတွေနဲ့ စစ်ရှောင်တွေပဲရှိတဲ့ နေရာမှာ ဘာစစ်တပ်နေရာလည်း မဟုတ်ပါဘူး။ စစ်သားတွေတောင်မရှိတဲ့ နေရာပါ။ အခုပေါက်ကွဲမှုဖြစ်သွားတဲ့နေရာကလည်း အရင်က မီးသွေးလုပ်တဲ့နေရာမှာ အဲ့နေရာမှာ မီးသွေးအိတ်တွေတောင် ရှိနေတာဖြစ်တယ်။

မေး ။    ။ အခုလို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ်မှာကော ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ ။    သူတို့က ကျမတို့ ပြည်သူတွေကို အမြစ်ပျက်သုန်းသွားအောင် သတ်ဖြတ်လိုက်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်။ သူတို့က တစ်ဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ရှုံးတာတွေ များလာတာဖြစ်တဲ့အတွက် အခုလို ရည်ရွယ်ချက်ရှိရှိ လာသတ်ဖြတ်တယ်လို့ပဲမြင်ပါတယ်။ ပြီးရင်နောက်တစ်ခုက အခုသူတို့ လာပစ်တဲ့ မုန်လိုင်ခက်နဲ့ အခုတိုက်ပွဲဖြစ်နေတဲ့ နမ်ဆန်ယန်ဒေသဆိုတာက အဝေးကြီးပါ။ ဘာမှမဆိုင်ပါဘူး။

မေး ။    ။ အဲ့ဆိုရင် အခုမုန်လိုင်ခက် စစ်ရှောင်တွေက ဘယ်စစ်ရှောင်တွေလဲ။ အဲဒီနေရာမှာ နေတာကော အချိန်ကာလ ဘယ်လောက်ရှိပြီ။

ဖြေ ။    ကျမတို့က ဝိုင်ကြိုင်စစ်ရှောင်တွေပါ၊ အဲဒီစစ်ရှောင်စခန်းနဲ့ နေလာတာက ပြီးခဲ့တဲ့ ၂၀၁၁ လောက်ကနေ ရှိနေပါပြီ။

မေး ။    ။ အဒေါ်တို့အနေနဲ့ အခုလို ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အတွက် ရှေ့လက်ပြီးတော့ ဘယ်လိုလုပ်သွားဖို့ ရှိလဲ စဉ်းစားထားတာရှိလား။ ပြီးရင် မုန်လိုင်ခက်နေရာမှာပဲ ဆက်နေသွားဖို့ရှိလား။

ဖြေ ။    အခုကတော့ ဝိုင်ကြိုင်စစ်ရှောင်စခန်းမှာ လာတိမ်းရှောင်နေကြပါတယ်။ စစ်ရှောင် လူဦးရေကတော့ ၆၀၀ ကျော်လောက်ရှိပါတယ်။ ဒါ့ပေမယ့် အခုလိုဖြစ်သွားတဲ့ နေရာမှာက ပြန်သွားနေဖို့လည်း မတွေးချင်တော့ဘူး။ ကျမတို့ရဲ့ မိသားစုကို ဖြိုကွဲအောင် ဖြစ်သွားစေခဲ့တဲ့နေရာမှာက လုံးဝမနေချင်တော့ပါ။ ဆက်လက်ဘယ်လို နေသွားဖို့ ဆိုတာကလည်း သက်ဆိုင်ရာ လူကြီးတွေနဲ့ပဲဆိုင်ပါတယ်။ ကျမတို့က ဘုရားလက်ထဲမှာပဲ အပ်ထားတော့တယ်။

မေး ။    ။ နောက်ဆုံးအနေနဲ့ သား၊ သမီး ၅ ယောက်တောင် ဆုံးရှုံးလိုက်တဲ့ မိခင်တစ်ယောက်အနေနဲ့ ဘာပြောချင်သေးလဲ။ ပြီးရင် ပြည်သူတွေကို ဒီကနေ ဘာတွေ ပြောပြချင်တာရှိသေးတာလဲ။

ဖြေ ။    ကျမတို့ ပြည်သူတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲနေချင်တော့တယ်။ ဒီလိုအဖြစ်ဆိုးမျိုးလည်း မကြုံချင်တော့ဘူး။ အားလုံးလည်း ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုချင်ပါတယ် ဒီလောက်ပါပဲ။

Show More

Related Articles

Back to top button