ဆောင်းပါးသတင်းဆောင်းပါး

အမှောင်ထဲမှာ အလှဆင်သူ

ဟိုး….မှာကြည့် ငှက်လေး အရမ်း လှတယ်တဲ့။ ကြည့်လိုက်တော့ ကျွန်တော် မမြင်နိုင်ဘူး၊ ဘယ်လောက် လှတယ်ဆိုတာ ကျွန်တော် မသိရဘူး

ဆရာကြီး လမုန်ဂမ်ဖန်က သူ့အသက် ၇ နှစ် အရွယ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြနေတာပါ။

ဆရာကြီး လမုန်ဂမ်ဖန်ဆိုသူက မြစ်ကြီးနားမြို့မှာရှိတဲ့ မျက်မမြင်ကျောင်းရဲ့ ကျောင်းအုပ်ကြီး တစ်ယောက် ဖြစ်ပြီး ကချင်ပြည်နယ် မသန်စွမ်းသူများအသင်းမှာလည်း ဥက္ကဋ္ဌတစ်ဦး ဖြစ်ပါတယ်။

သူ့ကို ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် ရှမ်းပြည်နယ် မြောက်ပိုင်း မှော်တောင် ၁၀၅ မိုင်လို့ ခေါ်တဲ့ ကျေးရွာဘေးက ရွာငယ်လေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ သူ့မှာ မောင်နှမ  ယောက်ရှိပြီး သူဟာအကြီးဆုံးသားလို့ ဆိုပါတယ်။

ဆရာကြီး လမုန်ဂမ်ဖန်

ကျောင်းအုပ် တစ်ယောက်ဖြစ်တဲ့အလျောက် နေ့တိုင်းကျောင်းမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကို ကြီးကြပ်ရေးလုပ်ရပြီး ကျောင်းဆောင်တွေ စစ်တာ၊ သင်ကြားရေးပိုင်းတွေ စစ်တာ၊ စားဖိုဆောင်က စလို့ ကျောင်းကိစ္စအရပ်ရပ်ကို တာဝန်ယူလုပ်ဆောင်ရတာက သူရဲ့ နိစ္စဓူဝအလုပ်ပါ။

နေ့စဉ်လုပ်နေရတဲ့ အလုပ်ဆိုပေမယ့် ဒါဟာလည်း မလွယ်ကူလှပါဘူး။ အရင်ကဆိုရင် ပုံမှန် အမြင်အာရုံချို့ယွင်းသူတွေကို လေ့ကျင့်သင်ကြားပေးပေမယ့် အခုနောက်ပိုင်းမှာတော့ ဥာဏ်ရည် အားနည်းသူတွေပါ ကျောင်းလာအပ်ကြတာ ပိုများလာတာက သူ့အတွက် စိန်ခေါ်မှု တစ်ခုဖြစ်နေပါတယ်။

အရင်က ပုံမှန်အတန်းပေါ့ ကျောင်းလာအပ်တာနဲ့ လက်ခံပြီး ချက်ခြင်းသင်တယ်၊ နည်းနည်းတော့ နှေးမယ် ဒါပေမဲ့ လိုက်မှီတယ်၊ အခုကျတော့ ဦးနှောက်အားနည်းတဲ့သူတွေ ပိုများလာတယ်၊ အဲ့လို ကလေးတွေက တစ်ခါတလေကျ အငိုမရပ် သောင်းကျန်းတာတွေ လုပ်တတ်တယ်။ သူတို့တွေက အထူးစောင့်ရှောက်မှုတွေ လိုအပ်တာပေါ့

ဒီလို စိန်ခေါ်မှုတွေ ရှိနေပေမယ့် သူလက်မလျှော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်ကလည်း မွေးရာပါ အမြင်အာရုံချို့ယွင်းသူ ဖြစ်တဲ့အပြင် ဒီကျောင်းကို ဦးဆောင်နေသူ တစ်ယောက်ဖြစ်နေလို့ပါ။

သူဟာ သူ့ကိုယ်သူ အမြင်အာရုံချို့ယွင်းသူဖြစ်တယ်ဆိုတာ မသိခင် အသက် ၅ နှစ်လောက်ထိ လူအားလုံးဟာ အတူတူပဲ တခြားသူတွေလို သူ့လိုပဲ ထင်ခဲ့တာပါ၊ အဲဒီခံယူချက်နဲ့ပဲ တခြားကလေးတွေလို ပျော်ပျော်ပါးပါး ဆော့ကစားခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အမြင်အာရုံတင်မကဘဲ ခန္တာကိုယ် ဖွဲ့စည်းပုံပါ သေးငယ်တာကြောင့် အသက် ၈ နှစ်လောက်ရောက်ချိန်မှာတော့ တစ်ခြားသူတွေနဲ့ ကွဲပြားနေတယ်ဆိုတာကို တဖြည်းဖြည်း သိလာရပါတယ်။

ကျွန်တော်နည်းနည်းလေး အလင်းတော့မြင်ရတယ်လေ အဲ့တော့ အကုန်လုံးက ကျွန်တော်လိုဘဲထင်နေတာ။ ကြာလာတော့ တစ်ခါတလေ ကျွန်တော် အော်.. ငါသူတို့နဲ့ မတူဘူးထင်တယ် ဆိုပြီးတွေးမိလာတယ်၊ ဒီလိုသိလာရပြီး နောက်ပိုင်းမှာ ကျွန်တော်အရင်က ပျော်ပျော်နေခဲ့တာတွေ တစ်ဖြည်းဖြည်းနဲ့ပျောက်လာတယ်” လို့ သူခံစားခဲ့ရတာကို ဆိုပါတယ်။

ဒီလိုနဲ့ အသက် ၁၀ နှစ်ကျော်လာတဲ့နောက်တော့ သူများနဲ့ မတူဘဲ လောကကြီးမှာ အသက်ရှင်‌နေရတာဟာ သူ့အတွက် အဓိပ္ပာယ်မရှိသလိုခံစားလာခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာတော့ ရှမ်းပြည်နယ်ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ပြောင်းလာခဲ့ချိန်မှာတော့ သူ့အတွက် ပိုခက်ခဲခဲ့ပါတယ်။ တွေ့တဲ့သူတိုင်းက သူ့ကို ဝိုင်းပြီး ကြည့်ကြ လှောင်ပြောင်ကြတာတွေ ကြုံလာရတော့ သူ့ကိုယ်သူ ပိုပြီး စိတ်ပျက်စေခဲ့ပါတယ်။

လောကကြီမှာ အသက်ရှင်နေရတာဟာ ဆန်ကုန်မြေလေး ပေါ့ မြေလေးပြီး ထမင်းဘဲကုန်တယ် အဓိပ္ပာယ်မရှိဘူး” လို့ အဲဒီအချိန်က သူခံစားခဲ့ရတာကို ပြန်ပြောပြပါတယ်။

၁၉၈၁ ခုနှစ်မှာတော့ မြစ်ကြီးနားမှာ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များမိတ်သဟာရအသင်း (မခမမ) က စတိတ်ရှိုး လာလုပ်ခဲ့ချိန်မှာတော့ မျက်မမြင်တွေ သီချင်းဆိုတာ သိပ်မကြားဖူး၊ မတွေ့ဖူးတဲ့ တစ်မြို့လုံးအတွက် ဒီသတင်းက နာမည်ကြီးခဲ့ပါတယ်။

စတိတ်ရှိုးတွေ ပြီးသွားတဲ့နောက် မိုးအရမ်းရွာတဲ့နေ့မှာတော့ အိမ်ကို မျက်မမြင်ဆရာတွေ ရောက်လာတာကြောင့် ခပ်ကြောက်ကြောက်နဲ့ တွေ့ဆုံခဲ့ချိန်မှာတော့ သူ့ဘဝ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရပါတယ်။ တစ်ခါမှ အိမ်မက် မမက်ဖူး၊ မတွေးထားဖူးတဲ့ မြစ်ကြီးနားက မျက်မမြင်ကျောင်းကို ရောက်လာခဲ့ချိန်မှာတော့ သူ အသက်၁၈ နှစ်ကျော်ရှိပါပြီ။

၁၈ နှစ်အထိ ကျွန်တော်က အိမ်ထဲမှာဘဲ ပုန်းပြီး နေနေတာ၊ အကုန်ဝိုင်းကြည့်ပြောကြတော့ ပြတင်းပေါက်မှာ သွားနေဖို့တောင် မရဲဘူး၊ မြို့ဆိုတော့ အကုန်ဝိုင်းကြည့်၊ ကလေးတွေက ဝိုင်းအော်ဆိုတော့ အားငယ်ပြီး ဒီလိုပဲ လောကကြီးမှာ ငါနေနေရတာက အဓိပ္ပာယ်မရှိဘူးဆိုပြီး နေလာခဲ့တယ်

မျက်မမြင်ကျောင်းကို ရောက်တဲ့အချိန် အ ၃ လုံးနဲ့ လက်မှုပညာတွေ သင်ယူခဲ့ရပြီး ၁၉၈၃ – ၁၉၈၄ စာသင်နှစ်မှာတော့ ရန်ကုန်ကို ရောက်ရှိခဲ့ပြီး စတုတ္ထတန်းကနေ အတန်းပညာ စတင် သင်ယူခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ရန်ကုန် ခဝဲခြံကနေ ပေါက်တော အင်းစိန်အစိုးရကျောင်းမှာ ၁၀ တန်း အပြင်ဖြေဖြေတာ အောင်သွားခဲ့ချိန်မှာတော့ ပျော်ရွှင်တဲ့ ခံစားချက်ကို သူနားလည်ခဲ့ပါတယ်။

ကျွန်တော့ဆရာရဲ့ မိန်းမက ဂမ်ဖန် ဆယ်တန်းစာမေးပွဲအောင်တယ်တဲ့ ပြောတော့အော်….”ဆိုပြီး သူ ခုန်နေမှဘဲ ကျွန်တော်လည်း ပျော်ဖို့ သတိရသွားတယ်၊ အဲ့ဒီအချိန်တုန်းက ပျော်ခဲ့တဲ့အရသာက ဘာနဲ့မှ မတူတဲ့ ခံစားချက်ကို ရလိုက်တယ်

၁၉၉၇ ခုနှစ် မြစ်ကြီးနား မျက်မမြင်ကျောင်းမှာ ကျောင်းအုပ်လိုတယ်ဆိုတဲ့အချိန်မှာတော့ ပြန်လာပြီး ကျောင်းအုပ်အနေနဲ့ လုပ်ဆောင်ခဲ့တာ အခုချိန်အထိပါပဲ။

ကျွန်တော်က ဒီမသန်စွမ်းလောကကနေကြည့်ရင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို တကယ်ကို ပင်ပင်ပန်းပန်းနဲ့ အားတွန်းခွန်စိုက် ကျော်လွှားနိုင်ခဲ့ပြီး ပညာရေးဘက် ရပ်တည်နိုင်ခဲ့တာ၊ ပြီးတော့ ကျွန်တော်နဲ့ ဘဝတူ မျက်မမြင်တွေ သူတို့က ကျွန်တော်နဲ့ မတူဘူးသူတို့က အရပ်ရှည်ရှည် ခပ်မိုက်မိုက်တွေ အရမ်းလှတဲ့ သူတွေလည်းပါတာပေါ့၊ သူတို့ကို ပြန်ပြီးခွန်အားပေးတယ်၊ သင်ကြားပေးတဲ့ အလုပ်မှာ လုပ်နိုင်တာက ဘုရားကျေးဇူးတော်ဘဲလို့ သူ့အလုပ်ကို ဂုဏ်ယူရင်း ဆိုပါတယ်။

လက်ရှိ သူဦးဆောင်နေတဲ့ ကျောင်းမှာတော့ အလှူရှင်ပေါ်မူတည် လုပ်ရတာဖြစ်တဲ့အတွက် တစ်ခါတလေ အလှူရှင်မလောက်တာ၊ ဆန်မလောက်တာတွေမျိုးတွေကအစ ဖြေရှင်းပေးရပါတယ်၊ လက်ရှိမှာတော့ သူနဲ့ ဘဝတူ မျက်မမြင်တွေကို သင်ကြားပေးတဲ့ နေရာမှာ မားမားမတ်မတ်ရပ်တည်နေနိုင်တာအပြင် သူ့ကျောင်းကနေ သင်ယူသွားသူတွေက ပြည်ပနိုင်ငံတွေမှာပြည်တွင်းမှာ အောင်မြင်တဲ့ သူတွေအဖြစ် ရှိနေတာကလည်း သူ့အတွက် ပျော်ရွှင်ကျေနပ်မှု ဖြစ်စေခဲ့ပါတယ်။

သူဟာ ကျောင်းက မျိုးဆက်သစ်တွေအတွက်သာမက အခုဆိုရင် အဌမတန်းတက်နေတဲ့ သမီးငယ်ကို သူနဲ့ ဘဝတူ အိမ်ထောင်ဖက် ဇနီးသည်နဲ့အတူ ပျိုးထောင်နေပါတယ်၊ ဘဝမှာ ဖြစ်တည်မှုကို စိတ်ဓာတ်ကျရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တစ်ခါ ကြိုးစားခဲ့ဖူးတဲ့ ဆရာကြီးလမုန်ဂမ်ဖန်က လက်ရှိအချိန်မှာတော့ ဘယ်အရာမှာမဆို အကောင်းမြင်ပြီး ခွန်းအားရမဲ့ ဘက်မှာ စိတ်ထည့်ထားသူဖြစ်နေပါပြီ။

ချို့ယွင်းချက်တွေရှိနေရင်တောင် အကောင်းဘက်ကနေ စဉ်းစားရင်း ငါအသက်ရှင်နေတာဟာ အလကားမဟုတ်ဘူး.. အဓိပ္ပာယ်ရှိတယ်..တန်ဖိုးရှိတယ် လို့ သူလက်ခံ ယုံကြည်ထားပါတယ်။

 By – BuBu

Show More

Related Articles

Back to top button