တိုက်ပွဲသတင်း

KIA တပ်မဟာ ၉ ဌာနချုပ် နဲ့ အနန့်ပါ (ANang Pa) ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA အထက်တန်းအရာရှိတစ်ချို့သေဆုံး

ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဌာနချုပ် နဲ့ အနန့်ပါ (ANang Pa) နေရာတွေကို ဂျက်လေယာဉ်နဲ့ တိုက်ခိုက်ခံရမှုမှာ KIA ထိပ်တန်းအရာရှိတစ်ချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲပိုင်း ၄ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က မြစ်ကြီးနားလေတပ်ကစခန်းကနေ KIA တပ်မဟာ ၉ နေရာဘက်ကို ဂျက်ဖိုက်တာ ၃ စီး နဲ့ ၅ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့တစ်ဆက်တည်းမှာပဲ ကံဆီး(Ginsi) စစ်တပ်ကုန်းကနေ လည်း အနန့်ပါဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နှစ်နေရာစလုံးမှာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

တပ်မဟာ ၉ စခန်းနေရာ နဲ့ အနန့်ပါ ၂ နေရာမှာ တစ်ပြိုင်ထဲ ဝင်တိုက်တာ တပ်မဟာ ၉ နေရာမှာက လေယာဉ် ၃ စီးနဲ့ ဗုံးသီး ၅ ကြိမ်ကျဲသွားတယ်။ ပြီးတော့ ကံဆီး စစ်တပ်ကုန်းကနေ အနန့်ပါ ဂေါက်ကွင်းနေရာကို ဆက်တိုက် ပစ်တာ။ ဖြစ်တဲ့နေရာချင်းက မတူကြဘူး။ အနန့်ပါဘက်ကိုတော့ ၅ မိနစ်၊ ၁၀ မိနစ်ခြားပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ လို့ ပြောပါတယ်။

KIA တပ်မဟာ ၉ ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ အထက်တန်း အရာရှိတစ်ဦးသေဆုံးခဲ့ပြီး ၄ ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အနန့်ပါ ပစ်ခတ်ခံရမှုမှာလည်း အရာရှိ ၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ်အရာရှိတစ်ယောက်ကတော့ ခြေထောက်တစ်ဖက်ကျိုးသွားတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

တပ်မဟာ ၉ မှာက ကျနော်တို့ စုံစမ်းသိရှိရသလောက်က သေဆုံးတာနဲ့ ထိခိုက်တဲ့ သူတွေက ၅ ယောက်ရှိတယ်။ ကျန်တဲ့ တပ်သားတွေ ဘယ်နှစ်ယောက်ထိခိုက်တယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူး။ အနန့်ပါမှာလည်း စျေးတန်းမှာ လက်နက်ကြီးကျတာရှိတဲ့အတွက် ဒေသခံတွေ သေဆုံးတာတွေရှိနိုင်တယ်လို့ ဆက်ပြောပါတယ်။

KNG က စုံစမ်းသိရှိချက်အရ အနန့်ပါ နဲ့ တပ်မဟာ ၉ စတဲ့ နှစ်နေရာတိုက်ခိုက်ခံရမှုမှာ KIA အထက်တန်း အရာရှိတွေအပါအဝင် တပ်သားအဆင့် သေဆုံးသူ စုစုပေါင်း ၁၀ ယောက်ခန့် ရှိခဲ့တယ်လို့ သိရပေမယ့် တာဝန်ရှိသူများကို အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

အနန့်ပါ (ANang Pa) ဂေါက်ကွင်းမှာ လက်နက်ကြီးကျမှန်ခဲ့အတွက် KIA အရာရှိတွေနဲ့တကွ အရပ်သားတွေပါ သေဆုံးမှုရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အနန့်ပါ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး နောက်ထပ် KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံတစ်ယောက်က နာမည်တွေတော့ အသေးစိတ်မသိရဘူး။ ဒါပေမယ့် သေဆုံးတဲ့ထဲမှာက အရာရှိ ၂ ယောက်က ပါသွားတယ်။ တစ်ယောက်ကတော့ ခြေတစ်ဖက်ပြတ်သွားတယ်လို့ ပြောပါတယ်။ ဂေါက်ကွင်းမှာဖြစ်သွားတာ။ ကျန်တဲ့ တပ်သားတွေ သေဆုံးတာက မကြားမိပါဘူး။ လောလောဆယ်က အဲဒါပဲသိရသေးတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တုန်းကလည်း (၆၂ပြည့် KIO အထိမ်းအမှတ် ကြိုဆိုပွဲလုပ်ဖို့ စီစဉ်နေစဉ် ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၆၀ ကျော်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် အခုလာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာလည်း သေဆုံးသွားသူတွေရဲ့ သင်္ချိုင်းကို ဆုတောင်းပွဲနဲ့အတူ မြေနေရာရှင်းလင်းဖို့ တာဝန်ရှိတဲ့ သူတွေတစ်ချို့က စီစဉ်နေတဲ့အချိန် တစ်နှစ်ပြည့်ခါနီးမှာ အခုလို ပြန်လည်တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

အခုကြားရသလောက်က အခုလိုပြန်ဖြစ်သွားတာက မနှစ်တုန်းက သေဆုံးသွားတဲ့ သူတွေရဲ့ သဂြိုလ်ထားတဲ့ နေရာမှာ နယ်မြေရှင်းလင်းတာတွေ၊ ဆုတောင်းပေးဖို့ လုပ်နေတယ်လို့ ကြားရတာဖြစ်တယ်။ အဲ့တာကြောင့် ရက်လည်ရှိတယ်လို့ စစ်တပ်က ကြားလို့အခုလိုလာပစ်တာလို့လည်းကြားရပါတယ် လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူကို KNG ကဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့မရ ခက်ခဲနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်ညမှာ လိုင်ဇာ မုန်လိုင်ခက်ရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် မုန်လိုင်ခက် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးမှုရှိခဲ့ပြီး ၅၇ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button