တာမခံစစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် ရွာ ၃ ရွာက ပြည်သူတွေ ရွာလုံးကျွတ်ပြေးနေရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာမှာရှိတဲ့ စစ်ကောင်စီစစ်တပ်ကုန်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာကြောင့် တာမခံအနီးက ရွာ ၃ ရွာမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၁၈ရက်နေ့ကတည်းကနေ တာမခံကျေးရွာစစ်တပ်ကုန်းကနေ ဟောင်ပါး၊ နန့်ရေတောင်စတဲ့ကျေးရွာတွေဘက်ကို နေ့ည မပြတ် လက်နက်ကြီးတွေရံဖန်ရံခါပစ်ခတ်နေတာ ကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲနိုင်တဲ့ ဧရိယာအတွင်းက ကျေးရွာ ၃ ရွာဟာ ရွာလုံးကျွတ်တိမ်းရှောင်နေရတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။
“အခုလောလောဆယ် မနေ့ကထိတော့ နန့်ရေတောင်ရွာရယ် စကားဝါရွာရယ်ပြီးတော့ ခေါ့ခေါ်ကျေးရွာရယ်အဲ့သုံးရွာကတော့ဘယ်သူမှမရှိတော့ဘူးအကုန်ပြေးကြတယ် ၁၈ ရက်နေ့ကနေစပြေးကြတာမနေ့ကတော့အကုန်ပြေးကုန်ကြပြီ။သူတို့က အရမ်းနီးတယ်လေးလက်နက်ကြီးကျနိုင်လို့ပြေးကြတာ”လို့ ပြောပါတယ်။
လက်ရှိ တိမ်းရှောင်နေတဲ့ နန့်ရေတောင်၊ စကားဝါ၊ ခေါ့ခေါ်စတဲ့ ရွာ ၃ ရွာဟာ တာမခံနဲ့ ဟောင်ပါးကျေးရွာကြားမှာရှိတာဖြစ်ပြီး တာမခံကျေးရွာနဲ့ တစ်မိုင်ကျော်နဲ့ ၂မိုင် ကြားက လက်နက်ကြီးပစ်ကွင်းကနေမလွတ်ကင်းတာကြောင့် တိမ်းရှောင်နေရတာလို့ဒေသခံတွေကဆိုပါတယ်။
“အဲ့သုံးရွာကတစ်ဆက်တည်းဘဲမှာ တာမခံ ဟောင်ပါးကြားမှာရှိတာလေး တာမခံကနေလက်နက်ကြီးပစ်ရင် အဲ့ရွာတွေမှာကျတယ်။ ဟိုနေ့ကတောင် နန့်ရေတောင်ရွာထဲကျလို့ကလေး မလေးတစ်ယောက်ထိပြီးသေသွားတာ”လို့အခြားဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ နန့်ပါဟုတ်ကျေးရွာဘုန်းကြီးကျောင်း၊ဟွေစိုင်းကျေးရွာဘန်းကြီးကျောင်းတွေမှာအများစုတိမ်းရှောင်နေကြပြီးလူနည်းစုက နီးစပ်ရာကျေးရွာတွေထဲက အသိဆွေမျိုးတွေနေအိမ်မှာ တိမ်းရှောင်နေကြပြီး ဟောင်ပါးဒေသခံတွေလည်းအသင့်ပြင်ဆင်ပြီးနေ နေရတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
“ကျွန်မတို့လည်း အရေးကြီးတဲ့ဟာတွေကို ကြိုတင်ထုပ်ပိုးပြီးနေရတာပါ့ အခြေအနေတကြည့်ကြည့်နဲ့ပဲ ဖြစ်လာရင်ပြေးဖို့အသင့်ပြင်ပြီးစောင့်နေရတယ်မနေ့ညကလည်းသုံးလုံးပစ်လာတယ်ရွာထဲတော့မကျဘူး”လို့ အထက်ပါဖော်ပြခဲ့တဲ့ ဟောင်ပါး ဒေသခံအမျိုးသမီးကပြောပါတယ်။
တာမခံစစ်ကောင်စီစစ်တပ်ကုန်းကနေ မနေ့က ညပိုင်းမှာလည်း လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ပြီး ဟောင်ပါးနဲ့ တာမခံကြားတောစပ်တွေမှာကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၁၈ ရက်ညပိုင်း တုန်းကလည်း တာမခံ စစ်တပ်ကုန်းကနေလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နန့်ရေတောင်ရွာမှာတစ်လုံး ရေချိုးနေတဲ့ အသက် ၁၂ အရွယ်ရှိတဲ့ လေးတန်းကျောင်းတစ်ဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ၃ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေ ကဆိုပါတယ်။
By – Zaw Zaw