သတင်း

ဗန်းမော်မှာ စစ်တပ်ကမြို့အဝင်အထွက်တင်းကြပ်လို့ စစ်ဘေးရှောင်တွေ အခက်ခဲဖြစ်နေ

ဗန်းမော်မြို့အဝင်အထွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတာကြောင့် ဗန်မော်မြို့တွင်းက စစ်ဘေးရှောင်တွေ လုပ်ကိုင်စားသောက်ရန် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ အရင် ဗန်းမော်မြို့ပြင်ထွက်ပြီး တောင်ယာလုပ်ငန်းတွေအပြင် ရွှေလုပ်ကွက်တွေမှာ နေ့စားဝင်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းလို့ရပေမယ့် ဒီနှစ်အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက်မှာ အင်အားဖြည့်တင်းပြီးလမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာ မသင်္ကာရင်ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်များ မြို့ပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံတစ်ယောက်က ပြောပါတယ်။

ကျွန်တော်တို့အခုချိန်မှာ သွားရေးလာရေးတွေအရမ်းခက်ခဲနေတယ်၊လုပ်ကိုင်စားသောက်ဖို့အပြင်လည်းမထွက်နိုင်ဘူး၊ စစ်ကောင်စီတပ်ဘက်ကဖမ်းလိုက်၊ KIA ဘက်က တပ်သားလိုက်စုနဲ့ အဲတာတွေကြောင့် မြို့ပြင်မထွက်ဘဲကျပန်းအလုပ်တွေလုပ်ပြီး ဘဲနေနေကြပါတယ်ဟုပြောပါတယ်။

လက်ရှိစစ်ဘေးရှောင်တွေဟာ ဗန်းမော်မြို့တွင်းမှာဘဲ ကြုံရာကျပန်း အလုပ်တွေသာလုပ်ကိုင်ပြီး နေထိုင်စားသောက်ဖို့အတွက် ဖြေရှင်းနေကြရတယ်လို့ ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက KNG ကိုပြောပါတယ်။

စစ်ရှောင်တွေအတွက် WFP ( ကမ္ဘာ့စားနက်ရိက္ခာ) ကနေ လတိုင်း ၁၈၀၀၀ ကျပ်ကူညီထောက်ပံ့နေပေမဲ့ အခုလိုကုန်စျေးနူန်းမြင့်တက်နေတဲကာလမှာ မဖူလုံဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် ကြုံရာကျပန်းအလုပ်ကိုသာလုပ်ကိုင်နေရတာဖြစ်တဲ့အတွက် ရတဲ့ဝင်ငွေတွေဟာလည်း အကြွေးတွေနဲ့သာလည်ပတ်နေရတာလို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က KNG ပြောပါတယ်။

အခုလိုတွေဖြစ်တော့ အမျိုးသားတွေအတွက်လည်း လုံခြုံမရှိဘူး၊ ကျွန်မတို့အမျိုးသမီး တွေအတွက်ပါ လုံခြုံမှုမရှိဘူး၊ ကျွန်မတို့တွေက နေ့စားဘဲဆိုတော့ အလုပ်မခေါ်ရင် အလုပ်မရှိဘူးလေ၊ ဝင်ငွေဆိုတာကလည်း အကြွေးနဲ့လည်ပတ်နေတာပေါ့၊ အလုပ်မရှိတဲ့ အခါဆို ချေးလိုက်တာနဲ့၊ WFP တွေထောက်ပံ့ပေးတာကလည်း မိသားစုအတွက် မလောက်ဘူးလေလို့ပြောပါတယ်။

လက်ရှိမှာ ကုန်‌‌ဈေးနှုန်းတွေမြင့်တက်နေတဲ့အပြင် စစ်ရှောင်စခန်းမှာ နေမကောင်း အဖြစ်များနေတဲ့အတွက် အိမ်ထောင်စုတစ်ခုထဲက အားကိုးရတဲ့သူတစ်ယောက် နေမကောင်းဖြစ်ရင် လုပ်ကိုင်စားသောက်ရတဲ့အခါမှာစားဝတ်နေရေးအတွက် ထိခိုက်မှု တွေရှိလာတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ရောဘတ်စစ်ရှောင်စခန်းမှာ ဖျားနာသူတွေရှိနေတာကြောင့် ဆေးရုံ၊ဆေးခန်းသွားဖို့ အခက်အခဲရှိနေတဲ့အတွက် ယာဉ်အကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ ကပြောပါတယ်။

ဆေးရုံနဲ့က သိပ်မဝေးတော့ နေမကောင်းဖြစ်ရင် သွားပို့ သွားကြိုလုပ်ပေမဲ့ ညသန်းခေါင်တွေမှာ ဖြစ်ရင်တော့ သုံးဘီတွေလည်း ငှားလို့မရတာတွေဖြစ်တယ်၊ အရင်တုန်းကတော့ တစ်စီးရှိခဲ့တယ်၊ ပျက်သွားတော့ ပြန်မပြင်နိုင်တော့ဘူးလေ၊ အဲ့တာကြောင့် ဒီ နေမကောင်းဖြစ်တာတွေအတွက် သုံးဘီးတစ်စီးတော့ တကယ်လိုအပ်နေတာဟုတ်တယ်လို့ပြောပါတယ်။

ရောဘတ်စစ်ရှောင်စခန်းမှာ ဗန်းမော်ခရိုင်အတွင်းက နမ့်လင်းပါ၊ ဒေါ့ဖုန်းယန်၊ နွမ်းလန် စတဲ့ ကျေးရွာပေါင်း ၁၀ ခုက ပြည်သူတွေ လာရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်စခန်း ဖြစ်ပြီး လူဦးရေအားဖြင့် ၃၈၄၁ ဦး အိမ်ထောင်စုပေါင်း ၆၀၂ စု

ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နေရပ်ပြန်သွားတဲ့သူတွေရှိတာကြောင့် လက်ရှိမှာလူဦးရေ ၃၃၁၀ ဦး အိမ်ထောင်စုပေါင်း ၅၆၂ စု ကျန်ရှိသေးတယ်လို့ သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button