သတင်း

စပါးကုန်းစစ်တပ် စခန်း KIA, KPDF တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်က အင်အားထပ်ဖြည့်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်အရှေ့တောင်ကြောမှာရှိတဲ့(ဒေသအခေါ်) စပါးကုန်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA,PDF ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက် ဆားမှော် မှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၆နာရီကနေ  KIA,PDF တပ်တွေက စပါးကုန်းစစ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး တစ်ဆက်တည်းမှာပဲ ဆားမှော် ခလရ ၁၀၅ တပ်စခန်းနဲ့ ရွာအဝင်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်ကိုလည်း ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မိုးကောင်းပြည်သူ့ ကာကွယ်ရေးတပ်က မနေ့ ညမှာထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ဆားမှော်ရွာနီးက ခလရ ၁၀၅ တပ်စခန်းပစ်ခတ်ခံရချိန် စစ်တပ်ဘက်က အရာရှိတစ်ဦးနဲ့ တပ်သားအဆင့်တစ်ဦး ပျူစောထီး ၃ဦးအပါအဝင် နောက်ထပ် ၄ ဦးထိခိုက်ဒဏ်ရာပြင်း ထန်ရရှိခဲ့ပြီးနောက် စစ်တပ်ဘက်က ခုလိုအင်အားဖြည့်တင်းလာတာဖြစ်တယ်လို့ ဆားမှော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ခုဆားမှော်မှာ စစ်ကောင်စီဘက်က ကား ၃ စီးနဲ့အင်အား ၆၀ လောက် မနေ့က နေ့လည် ၁ နာရီလောက်က အဲဒီ ၁၀၅ တပ်ထဲကို ပို့ထားတယ်။ အဲဒီတပ်စခန်းဒရုန်းနဲ့ပစ်ချခံလိုက်တဲ့နောက် ၁၁ ရက်နေ့ကနေ မနေ့က ၁၂ ရက်နေ့ညအထိ နာရီဝက်ခြား တစ်နာရီခြား ဆားမှော်အရှေ့ဘက်ကွင်းကို လက်နက်ကြီးပစ်နေတာ ခုထိလည်းပစ်တာတွေရှိနေတုန်း ဟုတ်တယ်” လို့ ပြောပါတယ်။

ဒရုန်းနဲ့ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အထိနာသွားတဲ့အတွက် နိုဝင်ဘာလ ၁၁ ရက်ကနေ့ကစပြီး ဆားမှော်ရွာဘက်ကို လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့ရာ မြို့မရပ်ကွက်၊ ရပ်ကွက် ၄ နဲ့ နောက်ထပ်ရပ်ကွက် ၃ နေရာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူတွေရဲ့နေအိမ်  ၄ အိမ်ကျည်ထိမှန်ပြီး ဒေသခံအမျိုးသား ၂ ဦးသေဆုံးပြီး ၇ ဦးထိဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ထိလို့ သေဆုံးသူ ၂ ဦးဟာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ ပန်းဘဲဆရာ ဦးသန့်ဇင်နဲ့ နောက်ထပ်တစ်ဦးကတော့ ဦးကရိုင်နော်တို့ ၂ ဦးဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် ပွဲချင်းပြီးသေဆုံးတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ မြစ်ကြီးနားဆေးရုံကိုပို့ဆောင်ထားပြီး ဆေးကုသပေးနေတဲ့အပြင် ဆားမှော်မှာ လက်ရှိ စစ်တပ်ဘက်က စစ်အင်အားဖြည့်တင်းတာတွေကြောင့် ဒေသခံတွေရွာပြင်ထွက်ပြီးလုပ်ကိုင် စားသောက်ဖို့ ခက်ခဲနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ KIA, KPDF ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ စပါးကုန်းတပ်စခန်းဟာ ဆားမှော်အရှေ့တောင်ကြောတစ်လျှောက်မှာရှိပြီး ခလရ ၁၀၅ လက်အောက်ခံတပ်တွေ အာဏာသိမ်းပြီးနောက် အထိုင်ချတပ်စွဲနေထိုင်တဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဆာမှော်ရွာအတွင်းမှာကျမှန်ထားတဲ့လက်နက်ကြီးတစ်ချို့ဟာ မပေါက်ကွဲဘဲ ကျန်ရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေက အသက်အန္တရာယ်စိုးရိမ်နေကြရသလို စစ်တပ်ဘက်က အင်အားထပ်ဖြည့်နေတာတွေကြောင့် တိုက်ပွဲထပ်ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ဆားမှော်အရှေ့တောင်ဘက် ကျောက်ဖျာနေရာမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စပါးကုန်းကိုထပ်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်း ကချင်အစပ် အင်းတော်၊ ကသာ၊ ဗန်းမော်တစ်လျှောက်မှာ နိုဝင်ဘာလ လဆန်းပိုင်းကစပြီး နှစ်ဖက်စစ်ရေးတင်းမာနေသလို စစ်ရေးအရှိန်ပိုမြင့်လာတာလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button