ဥပက္ခာပြုခံထားရတဲ့ ဖားကန့်မြို့တွင်းလမ်းတစ်နေရာ
ဖားကန့်မှာ မြေတစ်ပေကို ကျပ်တစ်သိန်းကျော်ဝယ်ပြီး ကျောက်စိမ်းတူးဖော်နေကြပေမဲ့ အများပြည်သူသုံးတဲ့ လုံးခင်း–ဖားကန့် လမ်းမကြီးကတော့ ပျက်စီးယိုယွင်းနေဆဲဖြစ်ပါတယ်။
အဲဒီလမ်းဟာ လုံးခင်း–ဖားကန့်လမ်းမကြီးပေါ် မှော်စီစာကျေးရွာနဲ့ နမ္မဖြစ်ကျေးရွာအကြားရှိပြီး လမ်းရဲ့မျက်နှာပြင်ဟာ မိုးရာသီကာလ လမျက်နှာပြင်လို ချိုင့်ခွက်တွေနဲ့ ပြည့်လျှံနေတဲ့အတွက် ဒေသနေပြည်သူတွေကတော့ မုန့်လင်မယားလမ်းလို့ ခေါ်ဝေါ်သမုတ်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။
မိုးရာသီကာလမှာ လမ်းမကောင်းလို့ ခုလို ပွင့်လင်းရာသီချိန်ကာလဆိုပြန်တော့လည်း လမ်းအခြေအနေမှာ ဖုန်တထောင်းထောင်း ချိုင့်ခွက် အသွယ်သွယ်နဲ့ မူလကနဦးအတိုင်း ပျက်စီးနေဆဲ၊ယိုယွင်းနေစမြဲပဲ ဖြစ်တယ်လို့ ဖားကန့်ကို နေ့စဉ်သွားလာ ဈေးရောင်းချနေသူတစ်ဦးက အခုလိုပြောပြပါတယ်။
“ကျောက်စိမ်းတောင်တွေသာ တဖြည်းဖြည်းကုန်သာသွားမယ်၊ဖားကန့်ဒေသအတွက် လမ်းလေးတောင် ကောင်းကောင်းမရှိတဲ့ အနေအထားပါ“ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
လုံးခင်း–ဖားကန့် လမ်းအရှည်မှာ လေးမိုင်ခန့် ရှည်လျှားပေမယ့် လုံးလုံးပျက်စီးနေတဲ့ မှော်စီစာ–နမ္မဖြစ် ဧရိယာအတွင်း လမ်းအရှည်ကတော့ နှစ်မိုင်ခန့်သာရှိတယ်လို့ သိရပါတယ်။
ဒီလမ်းကို ပြီးခဲ့တဲ့နှစ်ပွင့်လင်းရာသီချိန်မှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်)မှဦးဆောင်ပြီး ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီများ၊လုပ်ငန်းရှင်များ၊ပြည်သူများရဲ့ ထည့်ဝင်လှူဒါန်းပံ့ပိုးမှုတွေနဲ့ လုံးခင်း–ဖားကန့်လမ်းပိုင်း လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာကနေ ဖားကန့်မြို့မော်ဝမ်းရပ်ကွက် ရှမ်းမဆီဆိုင်အထိ (၂၄) ပေအကျာ်၊(၁၀)လက်မထုထည် ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းခင်းခဲ့ကြပါတယ်။
ဒါပေမယ့် လမ်းခင်းမယ့်ဧရိယာအတွင်း ပါဝင်နေတဲ့ မှော်စီစာ–နမ္မဖြစ် ဧရိယာလမ်းပိုင်းကိုတော့ ချန်လှပ်ထားကြတဲ့အပြင် ဒီကနေ့ချိန်ထိလည်း ပြန်ပြီးဆောင်ရွက်တာမတွေ့ရတာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။
ဒါ့အပြင် ပျက်စီးဆိုးရွားနေတဲ့လမ်းကနေ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာတလျှောက် ကျောက်စိမ်းတူးဖော်တဲ့ ကုမ္မဏီတွေရဲ့ မြေသယ်ယာဉ်တွေဟာ နေ့တိုင်းဆိုသလို ဖြတ်မောင်းနေပြီးအသုံးပြုနေကြသလို ရွှေမျောစင်များထောင်ပြီး ဥရုချောင်းထဲ မျောတိုက်ချနေတာကို တွေ့ရှိရတာကြောင့် လမ်းပိုင်းနေရာကို သီးခြားခြံလှပ်ထားခဲ့သလားဆိုတာ စဥ်းစားစရာဖြစ်နေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
“မြေစာသယ်တဲ့ကားတွေ လမ်းကိုဖြတ်ပြီး ဥရုချောင်းဘေးက ရွှေမျောစင်တွေဆီပို့ဖို့က လမ်းကောင်းနေရင် ခက်တယ်လေ၊လမ်းပျက်ခဲ့ရင်လည်း သူတို့က လျှော်ရမှာဆိုတာကြောင့် ဒီလမ်းပိုင်းကို မလုပ်တာလို့ ထင်တယ်“လို့ ဖားကန့်ဒေသက ပြည်သူတစ်ဦးက သူ့အမြင်ကို ပြောပြပါတယ်။
လမ်းပိုင်းကို ပြုပြင်ခြင်းမရှိဘဲ ပျက်စီးသထက်ပျက်စီးနေတဲ့ မှော်စီစာ–နမ္မဖြစ်လမ်းမကြီးပေါ်ရဲ့ ဘေးတစ်ဖက်တစ်ချပ်မှာတော့ မြေလွတ်၊မြေရိုင်း၊နေရာလွတ်မကျန် ခြံစည်းရိုး အုတ်တံတိုင်းကြီးတွေကာပြီး ပိုင်ဆိုင်နိုင်အောင်ပြုလုပ်နေကြသလို အဆင့်မြင့်ဟော်တယ်၊KTV တွေ ဖွင့်လှစ်ဖို့အတွက် အဆောက်အဦး အကြီးစားတွေ တည်ဆောက်နေတာကို တွေ့ရပါတယ်။
ဒီလို ကျောက်စိမ်းတွေတူးဖော်၊အဆောက်အဦးအကြီးကြီးတွေတည်ဆောက်နိုင်တဲ့ လုပ်ငန်းရှင်များစွာမှီတင်းနေထိုင် ပေမယ့် လုံးခင်း–ဖားကန့်လမ်းမကြီးပေါ်က မှော်စီစာ–နမ္မဖြစ် လမ်းပိုင်းကိုတော့ ပြုပြင်မယ့်သူမရှိသလို ခေတ်အဆက်ဆက်၊အစိုးရအဆက်ဆက် ဥပက္ခာပြုခြင်းခံနေရတဲ့ အနေအထား ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဖားကန့်နေပြည်သူတွေဟာ နေ့စဉ်နိစ္စဓူဝ သွားလာလုပ်ကိုင်နေရပြီး၊လူမှုကျန်းမာရေး ကိစ္စများစွာအတွက် ဒီလမ်းကိုအသုံးပြုနေကြတာဖြစ်ပြီး လမ်းတွေပျက်စီးနေတာကြောင့် အခက်အခဲအမှန်တကယ်ဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက အခုလိုပြောပြပါတယ်။
“နေ့စဉ် အရေးပေါ် လူနာတွေကို သယ်ပို့နေရတဲ့ လမ်းမကြီးပေါ့၊လမ်းကဘယ်လိုမှ မကောင်းဘူး၊မွေးလူနာတွေပို့ရရင် ပိုသိသာတယ်“ဟု လုံးခင်းဒေသခံ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုပါတယ်။
ဖားကန့်ဒေသတွင်းက ပြည်သူတွေကလည်း လုံးခင်း–ဖားကန့် လမ်းမကြီးပျက်စီးယိုယွင်းနေတာကို လူမှုကွန်ရက်စာမျက်နှာများတွင်လည်း မကြာခဏဆိုသလို ဝေဖန်ရေးသားနေတာကို တွေ့နေမြင်နေရပါတယ်။
လမ်းခရီးဆိုးရွားနေပေမယ့် မှော်စီစာကျေးရွာ မှော်ဒေသကထွက်ရှိတဲ့ကျောက်စိမ်း (ဂျေဒိုက်)မှာ သက်တမ်းရင့်ကျောက်စိမ်းကောင်းများစွာထွက်ရှိသလို၊ကျောက်စိမ်းတူးဖော်လုပ်ကိုင်ဖို့အတွက် မြေတစ်ပေကို ကျပ်တစ်သိန်းကျော်အထိပေးဝယ်ပြီး တူးဖော်လုပ်ကိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တနေ့ကပဲ ပေ ၄၀/ ၆၀ အိမ်မြေတစ်နေရာကို ငွေကျပ်သိန်းခြောက်ထောင်နဲ့ တည့်သွားတယ်လို့ သိရတယ်“ဟု မှော်စီစာကျေးရွာ ဒေသအခေါ်(ကြိုင်ကုန်း)မှာ နေထိုင်သူတစ်ဦးဆီက ပြောပါတယ်။
ကမ္ဘာကျော်ကျောက်စိမ်းတွေတည်ရှိရာ ဖားကန့်ကျောက်စိမ်းမြေမှာ ကျောက်စိမ်းကြောင့် များစွာချမ်းသာကြွယ်ဝသွားကြတဲ့ သူဌေး(လောပန်း)များစွာ တည်ရှိနေသလို၊သူဌေးဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေအတွက် အနယ်နယ်၊အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားသိန်းနဲ့ချီ တည်ရှိနေထိုင်နေကြပါတယ်။
By – Hpakant (CJ)