သတင်း

စစ်တပ်က ရေလမ်းကြောင်းပိတ်ထားတဲ့အတွက် တလူး၊တကားကျေးရွာမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်

ကချင်ပြည်နယ် တနိုင်းဒေသ တလူးကျေးရွာနဲ့ စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် တကားကျေးရွာဘက်ကို စစ်တပ်က ရေလမ်းကြောင်းပိတ်စို့ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီး အခြေခံစား သောက်ကုန်တွေပြတ်လပ်နေတယ်လို့ တလူးကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီကျေးရွာ ၂ ရွာဟာ ကချင်စစကိုင်းအစပ်မှာရှိပြီး တစ်ဆက်တည်းတည်ရှိနေတဲ့ ကျေးရွာတွေဖြစ်ကာ ကျေးရွာတွေဘက်ကိုသွားလာလို့ရတဲ့တစ်ခုတည်းသော ရေလမ်းကြောင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၈ရက်နေ့ကနေ သွားလာခွင့်ပိတ်ထားလိုက်တာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး အခြေခံစားသောက်ကုန် တွေပြတ်လပ်နေတယ်လို့ တလူးကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ 

ဒီမှာ တိုက်ပွဲဖြစ်သေးတယ်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းပဲ ရေကလမ်းကြောင်းပိတ်လိုက်တာပဲ။ ဒီဘက်ကနေက တလူးမှာထိုင်တဲ့တပ်ကနေပိတ်တယ်။ဟိုဘက်ကနေတော့ ခလုံးရေဆိပ်မှာထိုင်ထားတဲ့တပ်ကနေပိတ်တာ။ အခုဘာစက်လှေမှကိုမလာတော့တာပြည် ဆန်၊ဆီ၊ဆားကစဆိုင်တွေမှာဝယ်လို့မရတော့ဘူးလို့ ပြောပါတယ်။ 

အဲ့ဒီရေလမ်းကြောင်းကို တလူးကျေးရွာဘက်ခြမ်းကနေတော့ တလူးစစ်ကောင်စီတပ်ကပိတ်ထားပြီး တနိုင်းဘက်ခြမ်းကနေတော့ ရှင်ဗွေယန်မြို့နယ်ခွဲထဲက ခလုံးရေဆိပ်အထိုင်တပ်က ပိတ်ထားတယ်လို့သိရပါတယ်။ 

လက်ရှိရေလမ်းကြောင်းပိတ်လိုက်တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ ကုန်စက် လှေတွေ အဝင်ရပ်တန့်သွားတာ ၁၀ ရက်ကျော်နေပြီဖြစ်လို့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ/ဖြူ၊ ခရမ်းချဥ်သီး၊ စားသုံးဆီ၊ ဆန်နဲ့ စက်သုံးဆီတွေ လွန်ခဲ့တဲ့အပတ်ကတည်းက ပြတ်လပ်နေပြီး ခရီးသည်တွေလည်း သွားလို့မရဘူးလို့သိရပါတယ်။ 

ကြက်သွန်နီ/ဖြူလိုမျိုးကုန်စိမ်းတွေကတော့ ပြတ်နေတာကြာပြီ အခုဆန်တို့၊ဆီတို့တော့ များများလောင်ထားတဲ့ဆိုင်တွေနည်းနည်းရှိတယ်အိတ်လိုက်တော့ဝယ်မရဘူး တစ်ပြည်ကို ၁၅၀၀၀ ၊၂၀၀၀၀ လောက်ရှိတယ်လို့ နောက်ထပ်တလူးကျေးရွာက အမျိုးသားတစ်ဦးက ပြောပါတယ်။ 

တလူးကျေးရွာဟာရွှေတူးဖော်တဲ့လုပ်ငန်းရှင်တွေနဲ့ စျေးရောင်းစျေးဝယ်လုပ်ကိုင်သူတွေအများစုနေတဲ့ ရွှေမှော်ဒေသဖြစ်ပြီး အခုလိုရေလမ်းကြောင်းပိတ်စို့ထားတာကြောင့် ရွှေတူးဖော်တဲ့လုပ်ငန်းတွေရပ်နားထားပြီး လက်လုပ်လက်စားပြည်သူတွေနဲ့ စျေးရောင်းစျေးဝယ်လုပ်ကိုင်တဲ့ပြည်သူတွေအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ တလူးရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေကြား နိုဝင်ဘာ ၅ရက်နေ့လောက်ကတည်းကနေ နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့ တလူးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် ရေလမ်းကြောင်းပိတ်လိုက်တာလို့သိရပါတယ်။ 

တလူးစစ်ကောင်စီတပ်က ဒီခုနှစ် ဇူလိုင်လတုန်းကလည်း တလူး၊တကားဘက်သွားတဲ့ရေလမ်းကြောင်းကို ရက်ပေါင်း ၂၀ နီးပါးပိတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ အဘက်ဘက်ကခက်ခဲခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button