သတင်း

နမ့်ဆန်မြို့ စစ်တပ်ရဲ့လေကြောင်းအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံး နေအိမ်အမြောက်အများထိခိုက်ပျက်စီး

ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် နမ့်ဆန်မြို့ကို စစ်တပ်ကလေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး နေအိမ်မြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ည ၇ နာရီခန့်တွင် စစ်ကောင်စီ ဂျတ်လေယာဉ်နဲ့ နမ့်ဆန်မြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ် ၂၀ ဝန်းကျင်ထိခိုက်ပျက်စီးမှုရှိကြောင်း သိရပါတယ်။

ဒီနေ့ရဲ့အခြေအနေက ဘာမှမသိရသေးဘူး။ မနေ့ညအထိတော့ စစ်တပ်ဘက် လေယာဉ်နဲ့ရော လက်နက်ကြီးတွေနဲ့လာပစ်လို့ လူသေတာရှိတယ်။ အိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်။ အခုက နမ့်ဆန်မြို့လယ်ခေါင်က စစ်တပ်စခန်းကုန်းမှာ တိုက်ပွဲပြင်းထန်နေတာဟုတ်တယ်။” လို့ နမ့်ဆန်မြို့ဒေသခံတွေနဲ့ အဆက်အသွယ်ရှိသူ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

နမ့်ဆန်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ည မနေ့ညအထိ တိုက်ပွဲဆက်တိုက်ပြင်းထန်နေသေးတာဖြစ်ပြီး ဖုန်းလိုက်ဆက်သွယ်ရခက်ခဲတာကြောင့် ဒီနေ့အခြေအနေအသေးစိတ်မသိရှိရသေးဘူးလို့ ဆိုပါတယ်။

မန်တုံမြို့တပ်စခန်း နဲ့ နမ့်ဆန်စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်မှုကြောင့် နေအိမ် ၁၆ လုံးထိခိုက် ပျက်စီးသွားပြီလို့ TNLA သတင်းဌာနဘက်က ထုတ်ပြန်ထားတာကို တွေ့ရှိရပါတယ်။

လက်ရှိ နမ့်ဆန်မြို့အနီး စစ်ကောင်စီတပ်စခန်းဂိတ်တချို့နဲ့  မြို့တွင်း ရဲစခန်း ၊အုပ်ချုပ်ရေးရုံးတွေကို TNLA ဘက်က သိမ်းပိုက်ရရှိထားပြီဖြစ်ပေမဲ့ နမ့်ဆန်မြို့က စစ်တပ်စခန်းကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

မြို့တွင်းက ရဲစခန်းတွေ အနီးတဝိုက်က စစ်တပ်စခန်းဂိတ်တွေကိုတော့ သိမ်းပိုက်ထားရပြီပေါ့။ အခုက မြို့လယ်က စစ်တပ်စခန်းကုန်းနဲ့ တိုက်နေတာ။ အဲ့ဒီကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ပြီး မနေ့ညလည်း လက်ဖက်စက်ရုံမီးလောင်သွားတယ်။ ဒေသခံတွေကတော့ တချို့တိမ်းရှောင်တာရှိပေမဲ့ အများပိုင်းက ဒီတိုင်းပဲ ရှိနေကြတယ်။ ဟု သူကဆက်ပြောပါတယ်။

နမ့်ဆန်မြို့ဟာ လားရှိုးမြို့အရှေ့ဘက်ခြမ်း မန်တုံမြို့ ကနေတောင်ပိုင်း ၂ နာရီခန့်အကြာသွားရတဲ့နေရာမှာ တည်ရှိပါတယ်။

By – ဂျာဘောက်ဂျာ

Show More

Related Articles

Back to top button