သတင်း

မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုတိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၁၀၅ မိုင်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွဲတွေပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတပ်စခန်းကိုတိုက်ခိုက်နေတာလို့ ဒေသခံအမျိုးသားတစ်ယောက် ကပြောပါတယ်။

အခုနကပဲ နာရီကျော်ကျော်လောက်က ဟက်စကီးတစ်ခါလာပစ်သွားတယ် ဒီနေ့မနက်ရောပဲတစ်ခါပေါ့ လေကြောင်းကတော့ ဒီနေ့ နှစ်ကြိမ်လာပစ်သွားတယ် အတွဲလိုက်တွေပစ်နေတာ  လူတွေကတော့ အမျိုးမျိုး ပြောနေကြတယ် “
လို့ ပြောပါတယ်။

မူဆယ် ၁၀၅ မိုင်မှာတော့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တို့အကြား‌ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေပြင်းထန်နေသလို လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တဲ့အသံတွေတော့ ဒီရက်ပိုင်းမှာဆက်တိုက်ဆိုသလို ကြားနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာတော့ မူဆယ် ၁၀၅ မိုင်က စစ်ကောင်စီရဲ့တပ်စခန်းကိုသိမ်းပိုက်လိုက်နိုင်ပြီလို့ သတင်း တွေထွက်နေသလို အတည်တော့မပြုနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

၁၀၅ မိုင် ဗျူဟာကုန်းကျသွားပြီလို့လည်းကြားတယ် ဒါပေမဲ့ကျနော်တို့လည်း အတည်ပြုလို့မရသေးဘူး သွားမှကြည့်လို့မရသေးတာ “လို့ ပြောပါတယ်။

တရုတ်မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ဗျူဟာကုန်းတပ်စခန်းကို ညီနောင် ၃ ဖွဲ့ဘက် က သိမ်းပိုက်ဖို့ကြိုးစားတဲ့အချိန်ကစလို့ ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေသလို ၁၀၅ မိုင် ကနေ မူဆယ်မြို့အဝင်တိုးဂိတ်ကိုလည်း စစ်တပ်ဘက်က ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေအကြား ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုတွေလည်းရှိသလို အရပ်သားသေဆုံးမှု ၁၀ ယောက်ထက်မနည်းရှိနေပြီလို့ ဒေသတွင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button