စစ်ပြေးဒုက္ခသည်များသတင်း

လမ်ဘရော့ယန်မှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်များ မီးဖိုချောင်ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေ

မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်ဘရော့ယန်(Lambraw Yang)ကျေးရွာမှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်ပြည်သူများအတွက် မီးဖိုချောင်ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။

လမ်းခွကျေးရွာ ကချင်နှစ်ခြင်းဘုရားကျောင်းနယ်မြေထဲ  ခိုလှုံနေကြတဲ့ ကဆုန့်စစ်ရှောင်တွေရဲ့ မီးဖိုချောင်အမိုးတွေဟာ ယိုယွင်းပျက်စီးလာပြီး ခေါင်မိုးပေါက်နေတာကြောင့် ချက်စားလို့မရတဲ့ အခြေအနေထိရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံက ကိုပြောပါတယ်။

ကျွန်တော်တို့ ကမ့်မှာလုပ်ထားပေးတဲ့ ခေါင်မိုးတွေက အရမ်းပါးတဲ့ သွပ်တွေနဲ့ မိုးထားပေးတော့ မီးဖိုချောင်ဘက်က အမိုးတွေက အကုန်ပေါက်ကုန်တယ်လေ၊ တစ်ချို့ကျတော့ အကုန်လှံကုန်ဆိုတော့ ချက်စားလို့ မရတဲ့ အခြေအနေထိဖြစ်တယ်၊ အိမ်ဘက်က အရမ်းမဟုတ်ပေမဲ့ မီးခိုးထိတဲ့နေရာမှာက အကုန်ပေါက်ကုန်တယ်လေလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းလောက်က KBC HDD ဘက်ကနေ ယိုယွင်းပေါက်ထွက် နေတဲ့အမိုးတွေကို ပြန်ပြင်ပေးခဲ့ပေမဲ့ အိမ်ခြေ ၅၀ ဝန်းကျင်အတွက်သာ ထောက်ပံ့ကျေး ကျန်တာကြောင့် ကျန်တဲ့ အိမ်ခြေ ၅၀ ကျော်လောက်အတွက်တော့ လက်ရှိထိအကူအညီတွေ လိုအပ် နေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာကြောင့် ကိုယ်ထူကိုယ်ထစနစ်နဲ့ ခေါင်းမိုးတွေကာဖို့ ငွေကြေးမတက်နိုင်တဲ့အတွက် ဖြစ်သလို မိုးကာတွေနဲ့ကာပြီးနေနေတယ်လို့ စစ်ရှောင်တာဝန်ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးတွေမှာလည်း အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က ကိုပြောပါတယ်။

ကျွန်မတို့က အလုပ်အကိုင်ဆိုရင်လည်း သေချာမရှိတော့လေ၊ ဆန်၊ ဆီ၊ ဆား ထောက်ပံ့တာတွေတော့ရှိပေမဲ့ ကျွန်မတို့အနေနဲ့ အဲတာတွေနဲ့ဘဲ တက်နိုင်သလို ဖြေရှင်းနေကြတာပေါ့၊ ကျွန်မတို့ ကလေးတွေကိုဆိုရင် အာဟာရမျှတအောင် တောင်မကျွေးနိုင်တော့ဘူးလို့ဆိုပါတယ်။

လမ်ဘရော့ယန် စစ်ရှောင်စခန်းက ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ ဌာနချုပ်နယ်မြေကို တပ်မတော်က ထိုးစစ်ဆင်လာတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေဖြစ်ပြီး အိမ်ထောင်စု ၁၀၀ ကျော်နဲ့ လူဉီးရေ ၅၆၅ ယောက်ရှိပါတယ်။

By – BU BU

Show More

Related Articles

Back to top button