ရွှေမင်းပြည်သူ့စစ်စခန်းနှစ်ခုကို KIA ,PDF တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်

မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ရွှေမင်း လီဆူပြည်သူ့စစ်တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၅ ရက် မနက် ၆နာရီလောက်ကနေစပြီး တာလောကြီးကျေးရွာမှာ အထိုင်ချထားတဲ့ ပြည်သူ့စစ်တပ်စခန်းနေရာနဲ့ ရွှေညောင်ရွာအနီးမှာရှိတဲ့ ဘော်ဆာဒီးရွာ တပ်စခန်းငယ်တစ်ခုကိုလည်း တစ်ပြိုင်ထဲဝင်ရောက်တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။
“တာလောကြီးစခန်းကတော့ ထိုင်ထားတာကြာပြီ ခုဒီဘော်ဆာဒီးစခန်းကတော့ လမ်းသွားလမ်းလာပြည်သူတွေကို အခွန်ကောက်တဲ့ဂိတ်ပုံစံစခန်းဟုတ်တယ်။ အဲဒါ ဒီမနက် တစ်ခါတည်းဝင်တိုက်တာ ကျနော်တို့တပ်ရင်းတွေတောင် ဒီမနက်သေချာသိရတယ် ဗဟိုကနေ တိုက်ရိုက်လုပ်သွားတာ”လို့ပြောပါတယ်။
ရွှေညောင်ပင်ရွာက ဘော်ဆာဒီးစခန်းတိုက်ခိုက်ခံရမှုမှာ ပြည်သူ့စစ်ဘက်က ၂ ဦးထက်မနည်းထိခိုက်သေဆုံးတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဘော်ဆာဒီးစခန်းတိုက်ခိုက်ခံရပြီးနောက် ရွှေညောင်ပင်မှာအထိုင်ချထားတဲ့ စစ်တပ်ရဲ့ ခလရ ၃၂၁ တပ်ရင်းဘက်ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
“စခန်း ၂ခုစလုံးကိုတော့ ထိထိရောက်ရောက်တိုက်ခိုက်နိုင်တယ်လို့တော့ သိရတယ် ဒါပေမယ့် စခန်း ၂ခုစလုံးက ထိခိုက်သေဆုံးတဲ့စာရင်း အတိအကျတော့ရဖို့တော့ ခက်တယ်”လို့ပြောပါတယ်။
အလားတူ တာလောကြီးစခန်းတိုက်ခိုက်ခံရမှုမှာလည်း စစ်တပ်ဘက်က အထိနာတဲ့အတွက် ဒီကနေ့မနက် ၁၀ နာရီလောက်မှာတော့ မြစ်ကြီးနားစစ်ကောင်စီလေတပ်စခန်းကနေ စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက် စစ်တပ်လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်စခန်း ၂ ခုတိုက်ခိုက်ခံရတဲ့အပြင် ဒေါ့ဖုန်းယန်အနီးမှာလည်း စစ်တပ်နဲ့KIA,PDF တို့ကြား တိုက်ပွဲပြင်းထန်နေတာ ၂ ရက်လောက်ရှိလာပြီလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)