သတင်း

ကသာမြို့အဝင်ဂိတ်ဖြတ်သန်းသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေပြီး ငွေလုယက် တာတွေလုပ်နေ

စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်အဝင်ဂိတ်ကိုဖြတ်သန်းတဲ့ ကုန်ကားတွေအပါအဝင် ဖြတ်သန်းသူတွေအားလုံးကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေတဲ့အပြင် ကားသမားတွေဆီကငွေလုယက်တာတွေပါရှိ‌တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ဆိုရင် ကသာမြို့အဝင်ဂိတ်ကို ဖြတ်လာတဲ့ ကျွဲ၊နွား ကုန်သည်တွေကို စစ်ကောင်စီတပ်ကစစ်ဆေးပြီး ပါလာတဲ့ငွေသိန်း ၇၀ လုယက်သွားခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ် ရေး အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

နေ့တိုင်းတော့စစ်နေတာ ရဲတွေရောတပ်တွေရောအကုန်ရှိတယ် ဆိုင်ကယ်တွေဘာတွေရောအကုန် စစ် တယ် တူးဘောက်တွေဘာတွေပါလှန်ပေးရတာ အိတ်တွေဘာတွေလည်းအကုန်စစ်တာ အဲ့တာကြောင့် အိတ် တွေမှာ ပိုက်ဆံတွေ့ရင်ပိုက်ဆံယူသွားတာပေါ့ မနေ့ကဆိုရင် သိန်း၇၀လောက်ရွာသားတွေဆီက တားပြီး ယူသွားတယ် သူတို့က ကျွဲနွားဝယ်တဲ့ကုန်သည်တွေပါလို့ပြောပါတယ်။

အဲ့ဒီဂိတ်ဟာ အင်အား ၄၀ ဝန်းကျင်လောက်အထိုင်ချပြီး ကသာမြို့ထဲဝင်လာတဲ့ ကုန်ကား၊ ဆိုင်ကယ် နဲ့ တစ်ခြားသော အိမ်စီးကားတွေကို တင်းကြပ်စွာစစ်ဆေးနေတာလို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်အဲ့ဒီဂိတ်ဟာ အာဏာသိမ်းပြီးမှအထိုင်ချထားတဲ့စစ်ဆေးရေးဂိတ်ဖြစ်ပြီး အရေးပါတဲ့ လမ်းကြောင်း ပေါ်မှာရှိလို့ အဲ့ဒီဂိတ်ကို ဘန်ကာတွေနဲ့ပါ အခိုင်အမာ တည်ဆောက်ထားတယ်လို့ ကသာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အဲ့ဒီဂိတ်က အာဏာသိမ်းပြီးမှထိုင်ထားတာ အချက်အချာကျတယ် ကသာကနေကချင်ပြည်နယ်ကိုလည်း သွားလို့ရတာကို  နောက်ဆုံးဗန်းမော်သွားမယ်ဆိုလည်း အဲ့ဒီကဖြတ်ရတာကို ဘန်ကာတွေအပြည့်အစုံနဲ့ကို လုပ်ထားတာ ကတုတ်ကျင်းတွေလည်းအများကြီးတူးထားတယ် ဘက်ဟိုးနဲ့ကိုကုတ်ပြီးတူးထားတာ မျှော်စင် ပုံစံမျိုးတွေလည်း အပေါ်စီးကပစ်လို့ရအောင်လုပ်ထားတာ စက်လက်တွေလည်း အမြဲထိုင်ထား တာလို့ပြောပါတယ်။

ဒါ့အပြင် ကသာမြို့ထဲမှာလည်း စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ အိမ်စီးကားတွေအသုံးပြုပြီး ကင်းပတ်ပြီး မထင်ရင်မထင်သလိုစစ်ဆေးတာမျိုးတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကသာမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ မြို့တွင်းထဲမှာရှိတဲ့ အထပ်မြင့်အဆောက်အဦးတွေမှာ လည်း အထိုင်ချတပ်စွဲလေ့ရှိသလို မြို့တွင်းထဲက စစ်ကောင်စီရဲ့ဌာနဆိုင်ရာအဆောက်အဦးတွေမှာ အထိုင်ချ ပြီး စစ်ရေးလှုပ်ရှားလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လအတွင်းမှာလည်း ကျားဘီလူးဆိုတဲ့ နာမည်နဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခု ကသာမြို့ပြင်နဲ့ ရွာတွေထဲဝင်ရောက်စစ်ကြောင်းထိုးကာ အရပ်သား ၂ ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button