သတင်း

နမ့်ဖတ်ကာတိုက်ပွဲအတွင်း အရပ်သား  ၃၀ ဦးဝန်းကျင်ထိခိုက်သေဆုံး

လူနေအိမ်အများအပြားပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်ပွဲမှာ အရပ်သား ၃၀ ဦးဝန်းကျင်ထိခိုက်၊ သေဆုံးပြီး နေအိမ် ၁၀၀ ထက်မနည်း ထိခိုက်ပျက်စီး၊ မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေတာ ရက်ပေါင်း ၂၀ ကျော်ကြာလာပြီဖြစ်ပြီး တိုက်ပွဲအတွင်း အရပ်သား ၁၀ ယောက်ကျော် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း နမ့်ဖတ်ကာဒေသခံတွေပြောပါတယ်။

 ရှေ့ရက်က စားရင်းကောက်ကြည့်တာ ၈ ယောက်သေတယ်။ အလောင်းမတွေ့တာလည်းရှိတော့ စုံစမ်းရှာရအုံးမဲ့ဟာတွေလည်းရှိတယ်။ ၁၆ ရက်နေ့က လေယာဉ်နဲ့ ဗုံးထပ်လာကြဲတာ ၃ ယောက်ထပ်သေတယ်။ အိမ်ပြိုတဲ့ကျောက်တွေထဲ အုပ်တွေထဲဆိုတော့ အလောင်းတစ်ခုက ရှာဖို့ခက်သွားတယ်။ကျနော်တို့ ကောင်းကောင်းတွေ့ပြီး သဂြိုလ်ခဲ့တာက ၂ ယောက်ဟုတ်တယ်။ ပြန်ပေါင်းရင်က ၁၀ ယောက်ထက်မနည်းသေပြီ။ ဟု ထိခိုက်သူတွေကိုလိုက်လံကူညီနေတဲ့ နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ထိ စားရင်းကောက်ရသလောက် သေဆုံးသူ စုစုပေါင်း ၈ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၇ ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

နမ့်ဖတ်ကာ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွား ပြည်သူပိုင် နေအိမ်များ

ဒါ့အပြင် ကတုတ်ကျင်းထဲ နှလုံးမခိုင်တာကြောင့် သေဆုံးသွားသူတွေ ၅ ယောက်ထက်မနည်းရှိတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း စစ်တပ်ဘက်က ဂျတ်လေယာဉ်နဲ့ ပေါင် ၅၀၀ ရှိတဲ့ ဗုံးဆက်တိုက်ကြဲခဲ့တာကြောင့် နမ့်ဖတ်ကာမှာ အိမ်စောင့်အဖြစ် ကျန်နေခဲ့တဲ့ အရပ်သား ၃ ဦးထပ်မံ သေဆုံးခဲ့ပြီး အလောင်းမကောက်နိုင်သေးတာတွေလည်းရှိကြောင်း သိရပါတယ်။

တိုက်ပွဲစဖြစ်ကတည်းက စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးတွေပစ်ခတ်လို့ ကျေးရွာထဲ ကျန်ရှိနေတဲ့ နမ့်ဖတ်ကာဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှု ဖြစ်ပွားတာဖြစ်ပြီး လက်ရှိမှာ ထိခိုက်သေဆုံးမှု အားလုံးပေါင်း ၃၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်း နဲ့ နေအိမ်အားလုံး ၁၀၀ ကျော် ထိခိုက်ပျက်စီးသွားပြီလို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကတည်းကစပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းနဲ့ နီးစပ်တဲ့ မနောင်ယန်၊ ဇီးဒဘန် စတဲ့ရပ်ကွက်ထဲရှိ ဒေသခံအားလုံး ဘေးလွတ်ရာဆီ ကြိုတင်တိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် နမ့်ဖတ်ကာကျေးရွာထဲမှာတော့ ကတုတ်ကျင်းနဲ့ အကာအကွယ်ယူပြီးဆက်လက်ရှိနေသူတွေနဲ့ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့သူတွေရှိခဲ့ပါတယ်။

ဒေသခံအားလုံးနီးပါးတော့ နီးစပ်ရာ တီးမား၊ နမ့်အွမ်နဲ့ ခိုမုန်းကျေးရွာ၊ နမ့်ဂတ်နဲ့ မူဆယ်မြို့ တွေဆီ တိမ်းရှောင်နေရသလို တောင်ချောင်၊ လယ်တောတွေထဲ တိမ်းရှောင်နေသူတွေလည်း ၁၀၀၀ ကျော်ရှိ တယ်လို့ သိရပါတယ်။

တောထဲမှာ ထွက်ပြေးနေသူတွေ အစားအသောက်ခက်ခဲနေတယ်။ ကျနော်တို့ကျေးရွာတွေထဲ တိမ်းရှောင်နေသူတွေအနေနဲ့ သူတို့ဆီအစားအသောက်သွားပို့ပေးနိုင်ဖို့လည်းခက်ခဲနေတယ်။ ဆိုတော့ တောထဲမှာ ရှောင်နေသူတွေက ထမင်းလည်းစားဖို့မရှိတော့ဘူး။ ရွာမှာ စပါးရှိပေမဲ့ ကြိတ်လို့ရမဲ့နေရာက မရှိ အတောခက်ခဲနေတယ်။ ဟု နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာဟာ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက စစ်ကောင်စီခလရ ၁၂၃ ရဲ့ လက်နက်ကြီးပုံမှန် ရမ်းတမ်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု ပုံမှန်ရှိခဲ့ပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်ကြားက အဲ့ဒီနမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်က အပြီးစီးသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ နမ့်ဖတ်ကာမှာ ဗုံးလာကြဲတဲ့ စစ်တပ်ရဲ့ ဂျက်လေယာဉ်တစ်စီးကို KIA ဘက်က ပစ်ချခဲ့တာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button