သတင်း

မိုးညှင်းမြို့ အမှိုက်ပုံမီး‌လောင်နေတာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို

မိုးညှင်းမြို့ အောင်သပြေရပ်ကွက် အထက်ဘက် မြို့ပတ်လမ်းဘေးက အမှိုက်ပုံမီးရှို့ခံထားရတာ ၂ လလောက်ကြာမြင့်လာနေပြီး သက်ဆိုင်သူတွေအနေနဲ့ အမြန်ဆုံးတာဝန်ယူဖြေရှင်းပေးစေချင်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အဲဒီအမှိုက်ပုံဟာ မိုးညှင်းမြို့တရုတ်သချိုင်းဘေးနားမှာရှိပြီး မြို့တစ်မြို့လုံးရဲ့ အမှိုက်တွေ စွန့်ပစ်တဲ့နေရာဖြစ်ရာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ မီးရှို့ခံထားရတာလို့သိရပါတယ်။

လက်ရှိမှာ အမှိုက်ပုံမီးရှို့ခံထားရထားရတာ ၂ လလောက်ရှိလာတဲ့အပြင် ထွက်လာတဲ့မီးခိုးငွေ့တွေကြောင့်အနီးပတ်ဝန်းကျင်ရပ်ကွက်နေပြည်သူတွေ ညအိပ်မရတဲ့အထိ အနံ့‌‌တွေ‌ညော်နေတယ်လို့ အောင်သပြေရပ်ကွက်က အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

“ကျွန်တော်တို့နေတဲ့ ရပ်ကွက်အထက်ဘက်က အမှိုက်ကန်မှာ မီးရှို့တာလေ၊ တစ်ခြားရပ်ကွက်တွေမှာတော့ မီးခိုးတွေ သိပ်မရောက်ပေမဲ့ ကျွန်တော်တို့ အောင်သပြေရပ်ကွက် ၁ မှာတော့ ညဆိုရင် အိပ်လို့တောင်မရဘူး ညှော်နံ့အရမ်းထွက်လို့လေလို့ ပြောပါတယ်။

အမှိုက်ကန် အကျယ်အဝန်း ၃ ဧကကျော်ရှိတဲ့ အဲဒီ အမှိုက်ပုံကို မီးရှို့ခံထားရတာနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ သက်ဆိုင်ရာ စည်ပင်ရုံးကို သွားရောက်ပြောဆိုခဲ့ပြီး စည်ပင်ရုံးကလည်းလာကြည့်ပေးမယ်လို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီနေ့ထိ လာရောက်ဖြေရှင်းတာတွေမရှိတဲ့အပြင် အမှိုက်ပုံမီးလောင်တာပိုဆိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အခုလို မီးခိုးငွေ့တွေကြောင့် ရပ်ကွက်နေပြည်သူတွေ ကျန်းမာရေးထိခိုက်လာနိုင်တဲ့အတွက် မဖြစ်မနေ မီးရှို့ရမယ်ဆိုရင်တောင် လူနေရပ်ကွက်နဲ့ဝေးတဲ့ နေရာမှာ လုပ်စေချင်တယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ ရပ်ကွက်မှာက ပန်းနာရင်ကျပ်ဖြစ်တဲ့သူတွေရှိတဲ့၊ ပြီးရင်အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တဲ့ ကလေးတွေလည်းရှိတယ် အဲ့တာကြောင့် မဖြစ်မနေ ရှို့ရမယ်ဆိုရင်တောင် ရပ်ကွက်နဲ့ ဝေးတဲ့နေရာမှာ လုပ်ခိုင်းစေချင်တယ်၊ တောင်းဆိုချင်တာပေါ့လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိကတော့ မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာ ဂိုဏ်းပေါင်းစုံသချိုင်းရှေ့မှာ အမှိုက်ပစ်ခဲ့ကြပေမဲ့ မီးတပ်ရုံးနေရာဖြစ်တဲ့အတွက် အဲ့ဒီနေရမှာမပစ်ခိုင်းတော့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ်ကနေစပြီး တရုတ်သချိုင်းဘေးနားမှာ အမှိုက်ကန်ပြန်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ အမှိုက်မီးရှို့တာမျိုး မရှိခဲ့ဖူးဘူးလို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမီးလောင်နေတဲ့ အမှိုက်ပုံကို သက်ဆိုင်တဲ့စည်ပင်အဖွဲ့အစည်းက မီးရှို့တာမဟုတ်သလို မည်သူမည်ဝါက ရှို့သွားတယ်ဆိုတာလည်း မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button