
ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းကြား ဘလောင်ဒိန်ဆာ တပ်စခန်းကို ( ဒေသအခေါ်) ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်တွေ ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ ကပြောပါတယ်။
ဘလောင်ဒိန်ဆာ တပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စတင်တိုက်ခိုက် ခဲ့ရာကနေ ဖေဖော်ဝါရီ ၂ ရက်နေ့ ဒီကနေ့မနက် ဝင်ရောက်သိမ်းပိုက် လိုက်တာဖြစ် တယ်လို့ ပြောပါတယ်။
“သတင်းအပြည့်အစုံတော့ မသိရသေးဘူး၊ ဒီကနေ့ မနက် ၇နာရီ ၄၅ မိနစ်လောက်မှာ သိမ်းပိုက်လိုက်နိုင်တယ် ဆိုတာလောက်ဘဲ သိရသေးတယ်”လို့ပြောပါတယ်။
ဘလောင်ဒိန်ဆာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာမှာ တော့ လက်နက်ကြီးတွေနဲ့ဒရုန်းတွေကို အဓိကအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရှေ့တန်းရဲဘော်တွေ ဆီကနေ သိရပါတယ်။
အဲ့ဒီတပ်စခန်းကို KIA တပ်ရင်း ၁၊ တပ်ရင်း ၁၂၊ တပ်ရင်း ၂၇ နဲ့ KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခု သိမ်းပိုက်ခဲ့တဲ့ ဘလောင်ဒိန်ဆာ တပ်စခန်းဟာ ကိုင်းထိပ်မြို့ရဲ့ တောင်ဘက်ခြမ်း ၅ မိုင်လောက်ဝေးတဲ့ နေရာမှာရှိပြီး ကိုင်ထိပ်တပ်စခန်းကို သိမ်းပိုက်ပြီးတာနဲ့တစ်ပြိုင်နက် အဲ့ဒီတပ်စခန်းကို ပြန်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ကိုင်းထိန်မြို့ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ တိုက်ပွဲတွေဖြစ်လာတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အတွက် နေအိမ်အကုန်ပျက်စီးနေပြီဖြစ်ပါတယ်။
ကိုင်းထိပ်ဒေသခံတွေဟာ ဗန်းမော်၊ မံစီ၊ မန်ဝိန်းကြီး၊ အင်ဘာပါ၊ လနာဇွပ်ဂျာ စတဲ့မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့တာ အခုဆိုရင် ၁၀နှစ်ကျော်ပြီဖြစ်ပါတယ်။
အခုလို ကိုင်းထိပ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့အပေါ် ဝမ်းမြှောက်ကြောင်း ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။
“အရမ်းစိတ်ပျော်တယ်၊ ကျွန်တော်တို့ ကျေးရွာ၊ ကျွန်တော်တို့ မြို့ကို ပြန်ရခဲ့တဲ့ အတွက် အရမ်းဝမ်းသာတယ်၊ ကျေနပ်တယ်၊ အခုချက်ချင်းဖြစ်ဖြစ် ဆိုင်ကယ်နဲ့ ပြန်သွားလိုက်ချင်တယ်၊ ဒါပေမဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်ရအုံးမှာမလို့ ဘယ်သူ့ကိုမှ မဝင်ခိုင်းသေးဘူး”လို့ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ မန်ဝိန်း ဂေါင်ငူရန် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ မန်ဝိန်းကြီး တပ်စခန်းနေရာအကုန်လုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ကိုင်းထိပ်တပ်စခန်းကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက် ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဘလောင်ဒိန်ဆာတပ်စခန်းကို ပြန်တိုက်ခိုက်ရာ ဒီကနေ့ မှာ အပြီးသိမ်းပိုက်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အခုတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့ ဘလောင်ဒိန်ဆာ တပ်စခန်းဟာ အရင်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မ ၂၇ ရဲ့ အထိုင်ချတပ်စခန်းနေရာ ဖြစ်တယ်လို့ သိရပါတယ်။
By – Bu Bu