စစ်ပြေးဒုက္ခသည်များသတင်း

ယာယီစစ်ရှောင်စခန်းနဲ့နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ

နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် ကထန်ယန်( Gahtan Yang)နဲ့ လွယ်ဆိုင် (Loi Seng)ကျေးရွာ ၂ခုမှာ တိမ်းရှောင်နေကြတဲ့ မအူပင်စစ်ရှောင်ပြည်သူတွေက စစ်ရှောင်အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ဖားကန့်သွားလမ်း ကားမိုင်းအထက်မှာရှိတဲ့ မအူပင်ကျေးရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက အကြောင်းမဲ့ လာရောက်မီးရှို့ဖျက်ဆီးပေးလိုက်တာကြောင့် အိမ်ခြေ ၂၀ ကျော်လောက်ကို မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်

လက်ရှိ မအူပင်ဒေသခံပြည်သူတွေက ကထန်ယန်နဲ့ လွယ်ဆိုင် ကျေးရွာ ၂ခုမှာရှိတဲ့ သက်ဆိုင်ရာ ဘာသာရေးကျောင်းဝင်းတွေမှာ တိမ်းရှောင်နေကြပြီး အစားအသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ ကူညီပေးဖို့ လိုအပ်နေတယ်လို့ မအူပင် စစ်ရှောင်ပြည်သူတစ်ယောက်က ပြောပါတယ်။

“အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။

မအူပင် စစ်ရှောင်ပြည်သူတွေ ခိုလှုံနေကြတဲ့ ခန်းမဆောင်

ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ မိခင်နဲ့ ကလေးငယ်တွေ အများပိုင်း နာမကျန်းဖြစ်တာတွေ ခပ်စိပ်စိပ် ဖြစ်လာပြီး ဆေးပေးခန်းတွေမှာလည်း ဆေးဝါးပြတ်လပ်နေတာကြောင့် ဆေးဝါးတွေ အကူအညီပေးကြဖို့ ဆက်လက်တောင်းဆိုထားပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေတဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ နေရာအခက်အခဲတွေဖြစ်နေပြီး ပြန်လည်တိုးချဲ့ဆောက်လုပ်ပေးဖို့ရန်အတွက်လည်း ငွေကြေးအကူအညီလိုအပ်နေတယ်လို့ လွယ်ဆိုင် ကတ်သစ်လစ် ဘုရားကျောင်းဝင်မှာ နေထိုင်တဲ့ စစ်ရှောင်တာဝန်ခံက အခုလိုပြောပါတယ်။

“ဘုရားကျောင်းဝင်းထဲက ၂ ထပ်ဆောင်မှာ နေကြတာဟုတ်တယ်။ ဒါပေမယ့် မိသားစုဝင်တွေ ဖြစ်ကြတဲ့အတွက် နေရာက မဆန့်ဘူးဖြစ်နေတယ်။ ကြာလာရင်လည်း မကောင်းဘူး။ အဲ့တာကြောင့် ဟောခန်းအသစ်လုပ်ထားတဲ့ နေရာမှာ အခန်းပြန်ခွဲဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ငွေကြေးက ပြန်ခက်ခဲနေဖြစ်တယ်”လို့ပြောပါတယ်။

မအူပင်ကျေးရွာပြည်သူတွေက ကထန်ယန်နဲ့ လွယ်ဆိုင်ကျေးရွာ ၂ခုမှာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ၊ မူးရင်းနှစ်ခြင်းအသင်းတော် နဲ့ ကတ်သစ်လစ်ဘုရားကျောင်းနေရာတွေမှာ စစ်ရှောင်ဦးရေ ၁၈၀ ခန့် တိမ်းရှောင်နေကြပါတယ်။

အဲဒီ စစ်ရှောင်တွေဟာ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့အပြင် ရွာမီးရှို့ခံရတဲ့နေ့မှာတင် ဒေသခံအမျိုးသား ၈ ယောက်ကိုလည်း စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ကားမိုင်းဗျူဟာကုန်းကို ဖမ်းဆီးသွားပြီး ရိုက်နက် စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် မအူပင် စစ်ရှောင်ပြည်သူတွေက နေရပ်ပြန်ပြီး ပြန်လည်ထူးထောင်ရေးလုပ်ပြီး သွားရောက်နေထိုင်ဖို့ လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့် ကထန်ယန်ကျေးရွာမှာပဲ ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ကြဖို့ ဆုံးဖြတ်ထားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ကထန်ယန်ကျေးရွာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာလုပ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာ မအူပင်စစ်ရှောင်ပြည်သူအတွက် ယာယီစစ်ရှောင်စခန်းအဖြစ် ဆောက်လုပ်ပြီး နေထိုင်ကြဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြောဆိုတာတွေ လုပ်ဆောင်နေပြီလို့ ကတ်သစ်လစ်ဘုရားကျောင်းဝင်းမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တစ်ယောက်က ပြောပါတယ်။

“ဒါနဲ့ ပတ်သက်ပြီး စစ်ရှောင်တာဝန်ခံတွေနဲ့ အစည်းဝေးတွေလည်း လုပ်နေပါတယ်။ ပြန်လို့မရသေးတဲ့ အခြေအနေ တစ်ခုအထိ ကထန်ယန်မှာပဲ စစ်ရှောင်ကြဖို့ ဖြစ်တယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ သူတွေနဲ့ ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။ အခုချက်ချင်းတော့ မဖြစ်နိုင်သေးဘူး။ အဆင့်ဆင့်တင်ပြရမယ့်အရာတွေကျန်သေးတယ်”လို့ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ လက်ရှိ တိမ်းရှောင်နေကြတဲ့ ဘုရားကျောင်းဝင်းနေရာမှာ တစ်လကျော်လောက်သာ နေထိုင်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ ယာယီစစ်ရှောင်စခန်း ဆောက်လုပ်ပြီးစီးသွားရင် နေရာအသစ်ကို ပြန်လည်ရွှေ့ပြောင်းနေထိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆက်ဆိုပါတယ်။

မအူပင်ကျေးရွာဟာ ကားမိုင်းစစ်ဗျူဟာကုန်းနဲ့ နန့်ယား စစ်တပ် ၂ခုကြားရဲ့ မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး တစ်ဖက်မှာ KIA က စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတာကြောင့် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် နေရပ်မပြန်ရဲသေးတဲ့ အခြေအနေမှာဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ကားမိုင်းအနီးတဝိုက် တိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မအူပင်ကျေးရွာကို မီးရှို့ဖျက်ဆီးပေးလိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button