သတင်း

စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်ကူညီပေးနေသူတွေကို ထိရောက်စွာအရေးယူမယ်လို့ NBPDFထုတ်ပြန်

အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို အထူးသတိပေး

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်လိုက်ပါကူညီနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အုပ်ချုပ်ရေးမှုတို့ ရာအိမ်မှူးတို့ကို ထိရောက်စွာ အရေးယူမယ်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ NBPDF က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ရက်နေ့က အသက် ၁၈နှစ်ပြည့်တဲ့ အမျိုးသားအမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထွက်ပေါ်လာပြီးနောက် မြစ်ကြီးနားမြို့မှာရှိတဲ့ တချို့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအဖွဲ့တွေကစစ်ကောင်စီနဲ့အတူ တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင် စာရင်းလိုက်ကောက်တဲ့ သတင်းထွက်ပေါ်နေပါတယ်။

တဆက်တည်းမှာပဲ  NBDF ဘက်ကလည်း စစ်မှုထမ်း ဥပဒေအသက်ဝင်အောင် ကူညီနေသူတွေကို ထိရောက်စွာအရေးယူသွားမယ့်အကြောင်း ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ NBPDF တာဝန်ခံက ခုလိုပြောပါတယ်။

ခုလို ထုတ်ရတာက ဧည့်စာရင်းလိုက်ကောက်တယ်ကြားတာပေါ့ အဓိက အုပ်ချုပ်ရေးမှူးတွေပေါ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လူစာရင်းလိုက်ကောက် အိမ်ထောင်စုစာရင်းလိုက်ကြည့်တာ ကြားလို့ကတော့ ထိထိရောက်ရောက်အရေးယူမှာပေါ့ စမ်းကြည့်ပေါ့လို့ သူကဆိုပါတယ်။

စစ်ကောင်စီဘက်က ခုလိုစစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်လိုက်တာဟာ စစ်ကောင်စီဘက်က ကြံရာမရ ဆုတ်ယုတ်လာပြီး လုပ်တာဖြစ်တယ်လို့ သူကခုလိုဆက်ပြောပါတယ်။

ဒါအပြင် ခုလိုစစ်ကောင်စီဘက်က ထုတ်ပြန်လိုက်တာကြောင့် တော်လှန်ရေးအဖွဲ့တွေမှာ လူအင်အားပိုမိုများပြားလာနိုင်တယ်လို့ သူကခုလို သုံးသပ်ပါတယ်။

ကောင်းပါတယ် လူငယ်တွေအနေနဲ့ ဘယ်ဘက်သွားမလဲ ဘယ်ဘက်လျှောက်မှာလဲပေါ့ အရင်တုန်းကတော့ တော်လှန်ရေးအဖွဲ့က ပေါ်တာလိုက်ဆွဲနေရတာပေါ့ အခုက သူဟာသူရောက်လာကြတဲ့သူတွေလည်း ရှိနေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဥပဒေထုတ်ပြန်ချက်ထဲမှာ အမျိုသားသာမက အသက်၁၈နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတွေလည်း စစ်မှုထမ်းရမယ်ဆိုတာကိုဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မြစ်ကြီးနားက အမျိုးသမီးတစ်ဦးကတော့ ခုလိုပြောပါတယ်။

စစ်ကောင်စီဘက်က အခုလို ဥပဒေကြေငြာလိုက်တာက တစ်ဖက်ကတော့ ကောင်းတယ်လို့ မြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့ လူငယ်တွေလည်း စစ်ကောင်စီကို မကြိုက်တော့ တော်လှန်ရေး အင်အားစုတွေဘက်ကို အင်အားပိုမိုများလာလိမ့်မယ်လို့ မြင်တယ်လို့ သူမက ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် တော်လှန်ရေးအင်အားစုတွေတော်တော်များများလည်း တော်လှန်ရေးမှာ ပါဝင်လာဖို့ နီးစပ်ရာ တာဝန်ရှိသူတွေ မိတ်ဆွေတွေက တစ်ဆင့်ဆက်သွယ်လာကြဖို့ ထုတ်ပြန်ထားကြပါတယ်။

ဒါ့အပြင် ခါကာဘိုပြည်သူ့ကာကွယ်တော်လှန်ရေးတပ်ဖွဲ့အနေနဲ့လည်း စစ်မှုမထမ်းမနေရ ဥပဒေကိုကန့်ကွက်ပြီး ဒီဥပဒေကိုသဘောမတူတဲ့ မည်သူမဆို ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို လာရောက်ခိုလှုံနိုင်တယ်လို့လည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

အလားတူဘဲ စစ်ကောင်စီရဲ့ ဉပဒေထုတ်ပြန်ချက်မတိုင်မှီ ဖေဖော်ဝါရီ ၅ရက်နေ့မှာကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့ ၆၃ နှစ်ပြည့်မှာ ကေအိုင်အို ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ခေတ်အဆက်ဆက်သမိုင်းတွေမှာ လူငယ်တွေကသာ အပြောင်းအလဲတွေလုပ်နိုင်သူတွေဖြစ်လို့ လူငယ်တွေအနေနဲ့ စစ်တပ်ထဲ ဝင်ရောက်လာပြီး တော်လှန်ရေးမှာ ပါဝင်လာကြဖို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၄ ဖေဖော်ဝါရီလ ၁၂ရက်နေ့အထိ အသက် ၁၅နှစ်ကနေ အသက်၃၄နှစ်အရွယ် လူငယ် ၁၃၆၀ဦး သေဆုံးခဲ့ပြီး ၅၉၆၂ဦး ဖမ်းဆီးခံထားရတယ်လို့ AAPP(Assistance Association for Political Prisoners (Burma) မှာ ဖော်ပြထားပါတယ်။

By – Hope

Show More

Related Articles

Back to top button