ဖမ်းဆီးခံရမှုသတင်း

ကသာမြို့အဝင်ဂိတ်မှာ အမျိုးသား ၆ ယောက်ဖမ်းဆီးခံရ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မနေ့က မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က မြို့အဝင်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်ခဲ့ပြီး အရပ်သား ၆ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ  မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာပဲ ကသာမြို့အဝင်ဂိတ်ကိုဖြတ်တဲ့ အမျိုးသားတွေကို ဖမ်းဆီးမှုတွေလုပ်ခဲ့တာဖြစ်ပြီး အမျိုးသား ၆ ယောက်ဖမ်းဆီးခံလိုက်ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

မြေပြင်မှာက လတ်တလောရတဲ့သတင်းက ကသာမြို့အဝင်မှာဆွဲနေတာ ယောက်ျားလေးတွေကို မနေ့ကမနက် ၁၀ နာရီလောက်မှာပေါ့ လောလောဆယ် ၆ ယောက်ပါသွားတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကာကွယ်ရေးအင်အားလိုအပ်လာတယ်ဆိုပြီး အသက် ၁၈ နှစ်ပြည့် ပြီးတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက် နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာပဲ ကသာမြို့နယ်မှာ အမျိုးသားတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းဆီးမှုတွေလုပ်လာတာဖြစ်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ အမျိုးသား ၆ ယောက်က ဘယ်သူဘယ်ဝါ ဆိုတာအတည်မပြုနိုင်သေးဘူးလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဒါ့ကြောင့် အဲ့ဒီသတင်းကိုကြားကြားချင်းပဲ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစုပြီး အဲ့ဒီကသာမြို့အဝင်ဂိတ်ကို ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဘက်က အခုလိုပြောပါတယ်။

အဲ့လိုဆွဲလို့ဆိုပြီး ဒရုန်းစစ်ဆင်ရေးသွားလုပ်ကြတယ် ကသာပကဖတွေပါပဲ အဲ့လိုလုပ်လိုက်‌တော့ အုပ်စုတော့ခွဲသွားတယ် သူတို့ဘက် ဒဏ်ရာရတာတော့ရှိမယ် ကျနော်တို့ဘက်ကတော့ အန္တရာယ် ကင်းကင်းပြန်လာပါတယ်လို့ပြောပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကသာမြို့ထဲ ကင်းပတ်တာတွေရှိသလို ဒီကနေ့ မနက်ပိုင်းမှာလည်း ကသာမြို့ပြင်ကရွာတွေထဲ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ဆေးရေးလုပ်နေတဲ့ ကသာမြို့အဝင်ဂိတ်ဟာ အာဏာသိမ်းပြီးမှ အထိုင်ချ ထားတဲ့ စစ်ဆေးရေးဂိတ်ဖြစ်ပြီး အရေးပါတဲ့လမ်းကြောင်းပေါ်မှာရှိလို့ အဲ့ဒီဂိတ်မှာ ဘန်ကာတွေနဲ့ အခိုင်အမာတည်ဆောက်ပြီး စစ်ကောင်စီတပ်သားတွေအထိုင်ချထားတာလို့ ဒေသခံတွေက ပြောပါ တယ်။

By – အမိုး

Show More

Related Articles

Back to top button