မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရွှေကူမှာ သတ္တုတူးဖော်နေတာကို အမြန်ဆုံးရပ်တန့်ပေးဖို့ဒေသခံများ တောင်းဆို

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသောင် နဲ့ မံဝင်း ကျေးရွာတွေရဲ့နောက်ကြောဘက်ခြမ်း ရွှေတောင် တောင်ကုန်းပေါ်မှာ တရားမဝင်သတ္တုတူးဖော်နေတာကို အမြန်ဆုံးရပ်တန့်ပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေစပြီး ရွှေကူနယ် စီသောင်၊ မံဝင်း စတဲ့ကျေးရွာတွေရဲ့ လေးမိုင်လောက်အကွာအနောက်ဘက်ခြမ်း ရွှေတောင် ကုန်းပေါ် နှစ်နေရာမှာ စက်ယန္တရားကြီးတွေအသုံးပြုပြီး သတ္တုတူးဖော်နေတာဟာ ကျေးရွာအတွက် ထိခိုက်နစ်နာမှုတွေရှိလာနိုင်တာကြောင့် ရပ်တန့်ပေးဖို့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အခုကရွာတွေ ရဲ့အထွဋ်အမြတ်ထားတဲ့နေရာမှာတူးနေတာ အဲ့ရွှေတောင်တောင်ကုန်းပေါ်မှာက ကျွန်တော်တို့ ဗုဓ္ဒဘာသာတွေရဲ့စေတီလည်းရှိတယ် ပြီးရင်ခရစ်ယာန်ဘာသာဝင်တွေရဲ့ လက်ဝါးကပ်တိုင်ကုန်း(ဆုတောင်းတောင်လည်းရှိတယ် အဲ့မှာတူးနေတာ ဒါတွေကိုကျွန်တော်တို့က ကာကွယ်ရမယ် အထွဋ်အမြတ်ထားတဲ့နေရာဖြစ်နေတယ်လေးလို့သူပြောပါတယ်။

အဲ့ဒီသတ္တုတူးဖော်မှုကို လက်ရှိစေတီအနီးမှာ တစ်နေရာနဲ့ ရွှေတောင် တောင်ကုန်းရဲ့အနောက်ဘက်ခြမ်းတောင့်စောင်းမှာ ၂ နေရာမှာတူးနေတာဖြစ်ပြီး စက်ယန္တရားကြီးတွေအသုံးပြုနေတာကြောင့် ကျေးရွာတွေရဲ့လယ်ယာမြေတွေအထိ ထိခိုက်လာနိုင်တာကြောင့် ဆက်လက်တူးဖော်မှုတွေမလုပ်သင့်ဘူးလို့ဒေသခံတွေကဆိုပါတယ်။

တစ်နေရာမှာတူးနေတဲ့ဟာက မနှစ်ကတည်းက တူးနေတာအဲ့မှာက သုံးဧက၊ လေးဧက စာလောက်တူးလိုက်ပြီ ရွှေတောင်ရဲ့ တောင်ခြေမှာက ချောင်းလည်းရှိတယ်။ ပြီးတော့စီသောင်ဒေသခံတွေရဲ့လယ်တွေရှိတယ် ဆက်တူးနေရင်နောက်ရေရှည်ဆိုရင်မြေစာတွေက ဒီဘက်ကိုရောက်လာနိုင်တယ်လို့ အထက်မှာဖော်ပြေပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။

အဲ့ဒီသတ္တုတူးဖော်မှုတွေကို မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်က လုပ်ငန်းရှင်သုံးဦးထက်မနည်းက ဘတ်ဖိုးယာဥ်သုံးစီးနဲ့ပူးဆောင်လုပ်ဆောင်နေတာဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကိုလည်းတစ်စုံတစ်ရာအသိပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။

အစကတော့စမ်းသမ်းတာလိုဘာလိုကြားတယ် ဒါပေမယ့်အခုက တကယ်တူးနေကြတာ ကျွန်တော်တို့လည်းဘာမှကိုမသိလိုက်ရတာ ဘာမှလည်းမသိမပေးဘူးရွာလူကြီးတွေကိုလည်း ဒေသခံတွေကတော့ရွာအတွက်အကျိုးမရှိတဲ့ဟာဆိုးကျိုးဖြစ်နေတဲ့ဟာဆိုရင်တော့ ကန့်ကွက်မှာပဲ ဒါမျိုးကတော့ဘက်မခံဘူး။ကျွန်တော်တို့သွားပြီးစစ်ဆေးဖို့တော့ရှိတယ်လို့ မံဝင်းကျေးရွာ အုပ်ချုပ်ရေးမှူးက KNGကိုပြောပါတယ်။

အဲ့ဒီသတ္တုတူးဖော်မှုကြောင့် သာသနာပိုင်ဧရိယာတွေ ထိခိုက်လာနေတဲ့အပြင် ရေရှည်ဆက်တူးမယ်ဆိုပါက ချောင်းရေထိခိုက်ပျက်စီးလာတာတွေ၊ လယ်ယာမြေထိခိုက်လာတာတွေ၊ လမ်းပိုင်းပျက်စီးတာတွေ ပျက်စီးလာနိုင်တာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ရွှေတောင် တောင်ခြေမှာရှိတဲ့ စီသောင်၊ မံဝင်း၊ စီမူကြီး၊ စီမူလေး၊ မံနား၊ မံခါးစတဲ့ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျေးရွာထဲကလူနေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တာကြောင့် လက်ရှိအဲ့ဒီကျေးရွာတွေဟာ ပြန်လည်ထူထောင်ရေးစလုပ်နေဆဲ ကျေးရွာတွေဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button