လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ချီဖွေနဲ့ ပန်ဝါဒေသဘက်ကို ထောက်ခံချက်ရမှသာ သွားလာခွင့်ရရှိ

ရှငေါ်စစ်တပ်ဂိတ်မှာ ခရီးသည်တွေ ပိတ်ဆို့မှုဖြစ်နေ

ပန်ဝါဒေသကို တက်လာတဲ့ ခရီးသည်းတွေအားလုံးကို ဝိုင်းမော်မြို့နယ် ရှငေါ် (Shangaw) စစ်တပ်ဂိတ်မှာ သွားလာရေး ကန့်သတ်ထားပြီး သွားလာမယ့် နေရာရဲ့ ထောက်ခံချက်ပါရှိမှသာ သွားလာခွင့်ပြုနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ မြစ်ကြီးနားနဲ့ အခြားဒေသက လာတဲ့ ခရီးသည်တွေကို သွားလာခွင့် ကန့်သတ်လိုက်တာဖြစ်တယ်လို့ မြစ်ကြီးနားကို ပုံမှန်သွားလာနေတဲ့ ချီဖွေဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

မြစ်ကြီးနား၊ ဝိုင်းမော် တခြားမြို့နယ်တွေက သူတွေကို လုံးဝမသွားခိုင်းဘူး။ တကယ်လို့ သွားမယ်ဆိုရင် ကိုယ်သွားမယ့် နေရာရဲ့ ဘက်ကနေ အုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ စရဖကပဲဖြစ်ဖြစ်၊ ချီဖွေစစ်တပ်ကနေ ထောက်ခံချက်ယူတာပဲဖြစ်ဖြစ် ရအောင်ယူပြီးမှသာ သွားလာခွင့်ရတယ်။ ဒါမဟုတ်ရင် ပြန်ခေါက်ခိုင်းပါတယ်ပြောပါတယ်။

ရှငေါ်စစ်တပ်ဂိတ်မှာ သွားလာဖို့ ကန့်သတ်ခံရတဲ့အထဲမှာ ပန်ဝါဒေသတစ်ခုတည်းအတွက် သာမဟုတ်ဘဲ ချီဖွေ၊ ဆော့လော် ဒေသတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် ၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသူများအနေနဲ့ ချီဖွေ၊ ဆော့လော် စတဲ့ ဒေသဘက်ကို သွားလာမယ်ဆိုရင် ချီဖွေစစ်တပ်မှ ထောက်ခံချက်လိုအပ်သလို ပန်ဝါဒေသကို သွားမယ့် သူတွေက ကိုယ်သွားလာမယ့် နေရာက ထောက်ခံပေးတဲ့သူရှိမှသာ သွားလာခွင့်ရမှာဖြစ်ပါတယ်။

အခြား စစ်ကိုင်းဒေသဖြစ်တဲ့ ၅ / မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေကိုတော့ ရှငေါ်စစ်တပ်ဂိတ်မှာတင် လုံးဝသွားလာခွင့်မပြုဘဲ ခရီးသည်တိုင်းကို ပြန်ခေါက်ခိုင်းနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါ ဒေသခံ ပြည်သူတွေကတော့ ရှငေါ်စစ်တပ်ဂိတ်မှာ ပုံမှန်အတိုင်း သွားလာခွင့်ရရှိနေတာဖြစ်တယ်လို့လည်းသိရပါတယ်။

အခုလို ပန်ဝါဒေသဘက်ကို သွားလာခွင့် ကန့်သတ်လိုက်တာဟာ သတ္ထုတူးဖော်နေတဲ့ ပန်ဝန်ဒေသဘက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေက အလုပ်လက်မဲ့များပြားလာပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ လုံခြုံရေးကြောင့် ကန့်သတ်လိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှငေါ်စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်ခံလိုက်တာကြောင့် တစ်ဖက်မှာ ပြည်သူလူထုတွေဟာ ပိတ်ဆို့မှုတွေဖြစ်နေပြီး သွားလာရေးအခက်အခဲကြုံတွေ့နေရတယ်လို့ နောက်ထပ် ချီဖွေဒေသခံ တစ်ယောက်က အခုလို ပြောပါတယ်။

အခုက အရမ်းခက်သွားပြီ။ ဘယ်လိုဖြစ်နေလဲဆိုတော့ လူမှုရေးကစ္စ၊ သာရေး နာရေး သွားလာရတာဖြစ်တယ်။ ချီဖွေဘက်မှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘယ်သူမှ လာလို့မရတဲ့ အခြေအနေဖြစ်သွားတယ်။ ချီဖွေ၊ ဆော့လော် ကလူတွေပဲ သွားလို့ရတယ်ဆိုတော့ မတရားဘူးလို့ ထင်ပါတယ်လို့ပြောပါတယ်။

ချီဖွေ၊ ပန်ဝါဒေသဘက်မှာ သွားလာခွင့် ကန့်သတ်ခံထားရတာကြောင့် လက်ရှိမှာ ရှငေါ်စစ်တပ်ဂိတ်မှာ နေ့စဉ် ခရီးသည်ကား အစီး ၂၀ လောက်နဲ့ ခရီးသည် ၄၀ နဲ့ ၅၀ ကြားမှာ ပိတ်ဆို့နေကြတယ်လို့ သိရပါတယ်။

အဲဒီ ခရီးသည်တွေဟာ ချီဖွေ၊ ပန်ဝါ ဘက်ကို သွားလာဖို့ရန်အတွက် သွားလာမယ့် နေရာဘက်ကနေ ထောက်ခံချက် ပေးမှသာ ဆက်လက်သွားခွင့်ရရှိနေတာဖြစ်ပြီး ထောက်ချက်မရမချင်း တစ်ပတ်လောက်အထိ စောင့်ဆိုင်းနေကြတဲ့ ခရီးသည်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသဘက်ကို သွားလာဖို့ မြစ်ကြီးနားက ထွက်လာတဲ့ ကားလမ်းပိုင်းတစ်လျှောက် စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ်နေရာတွေမှာ စစ်ဆေးရေးတင်းတာတွေ၊ ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေပြီး လက်ရှိမှာ နေရာဒေသခွဲပြီး သွားလာခွင့်ပါ ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button