သတင်း

နာဂလက်နက်ကိုင် NSCNK နှစ်ဖွဲ့လုံးကို ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းရန် စစ်ကောင်စီကြိုးပမ်းနေ 

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCNK)လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့စလုံးကို စစ်တပ်က ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

NSCNK-YA(ဗိုလ်ချုပ်ယုံးအောင်ဦးဆောင်အဖွဲ့) နဲ့ NSCNK ကနေ ခွဲထွက်သွားတဲ့ NSCNK-AM (ဗိုလ်ချုပ်အန်းမိုင်းဦးဆောင် အဖွဲ့) နှစ်ဖွဲ့စလုံးကိုစစ်ကောင်စီတပ်က နာဂရိုးရာယဥ်ကျေးမှုကော်မတီက တာဝန်ရှိသူတွေကိုစေလွတ်ပြီး ပြည်သူစစ်အဖြစ်ပြောင်းလဲဖွဲ့စည်းဖို့ ကြိုးပမ်းနေတယ်လို့ NSCNK နဲ့နီးစပ်တဲ့ လဟယ်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

နာဂရိုးရာလူကြီးတွေကနေသွားညှိနှိုင်းပေးတယ်ပြောတယ်။ ပြည်သူ့စစ်ဖွဲ့ဖို့ပေါ့ အခုလက်ရှိခွဲထွက်သွားတဲ့ အန်းမိုင်းအဖွဲ့နဲ့တော့ ဆွေးနွေးနေတုန်းလို့ပြောတယ်။ အရင်ကတည်းကရှိနေတဲ့ ယုန်းအောင်အဖွဲ့ကတော့ လက်မခံဘူးငြင်းပယ်ထားတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ NSCNK နှစ်ဖွဲ့လုံးကိုပြည်သူ့စစ်ဖွဲ့ဖို့ကြိုးပမ်းနေပေမယ့် ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့က ငြင်းပယ်လိုက်ပြီး ခွဲထွက် ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့ကတော့ နဂိုကတည်းကစစ်ကောင်စီနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေပြီးသားဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်သူစစ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမှုကိုလက်ခံနိုင်ခြေရှိတယ်လို့ သုံးသပ်နေကြပြီး လက်ရှိနှစ်ဖက်ဆွေးနွေးမှုတွေပြုလုပ်နေဆဲလို့သိရပါတယ်။

စိုးရမ်စရာတစ်ခုခုတော့ဖြစ်လာမယ်ထင်တယ်။ အခုပြည်သူတွေကြားမှာလည်း စိုးရိမ်မှုတွေရှိလာနေတယ်။ ရိုးရာလူကြီးတွေကလည်း စိုးရိမ်တဲ့အတွက် ဗိုလ်ချုပ် ယုန်းအောင်အဖွဲ့ဆီပြည်သူတွေကိဘယ်လိုအကာအကွယ်ပေးမလဲဆိုပြီး ဆွေးနွေးနေတယ်လို့အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့က စစ်ကောင်စီရဲ့ပြည်သူ့စစ်ပြောင်းလဲဖွဲ့စည်းမှုကိုလက်ခံ လိုက်ရင် NSCNK နှစ်ဖွဲ့ကြား ပဋိပက္ခတွေ အရင်ကထက်ပိုမိုကြီးမားလာနိုင်ပြီး နယ်မြေမတည်မငြိမ်ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

NSCNK ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့နဲ့ဗိုလ်ချုပ် အန်းမိုင်းတို့အဖွဲ့ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း လဟယ်နယ် ကွပ်ညပ်ဒေသထဲမှာအပြန်မလှန်ပစ်ခတ်မှု ၂ကြိမ် တိတိဖြစ်ပွားခဲ့ပြီး နောက်ပိုင်းလည်းနှစ်ဖက်တင်းမာမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN – K အဖွဲ့ဥက္ကဋ္ဌ SS Khaplang (ခပ်လန်)ဟာ ၂၀၁၇ ၊ဇွန်လ ၉ ရက်နေ့က ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ယုန်းအောင်ဟာ ခပ်လန်ရဲ့ ရာထူးတာဝန်ကိုဆက်ခံသူဖြစ်လာခဲ့ပြီး ဒုဗိုလ်ချုပ်အန်းမိုင်းအဖွဲ့ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ အဖွဲ့ ကနေခွဲ ထွက်သွားတာဖြစ်ပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) ဟာ အိန္ဒိယနိုင်ငံ ၊ နာဂလန်းပြည်နယ်ခွဲထွက်ရေးလက်နက်အဖွဲ့ဖြစ်ပြီး ၁၉၈၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button