သတင်း

ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးပြန်လည်လွှတ်မြောက်

ဗန်းမော်မြို့ စီဟဲရွာ ၅ မိုင်ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးကို ပြန်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီအရပ်သား ၁၄ ဦးဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စီခမ်းကြီးရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ပန်တိုင်းရွာရွှေကျင်တောကနေ ဗန်းမော်မြို့ဘက်ထွက်ပြေးတိမ်းရှောင်လာချိန် ဖမ်းဆီးခံရတာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းခံရသူတွေထဲက အမျိုးတော်စပ်တဲ့သူ စစ်မှုထမ်းဟောင်းတစ်ဦးဟာ  နာမည်စာရင်းနဲ့တကွ သက်ဆိုင်တဲ့ဗျူဟာမှုးတွေဆီကို ဖမ်းဆီးထားတဲ့ အရပ်သားတွေအားလုံး လွတ်ပေးဖို့တောင်းဆိုခဲ့တဲ့အပြင် ဗန်းမော်မြို့ သိမ်တော်ကြီးစစ်ရှောင်နေရာတွင်း ဝန်ကြီးချုပ်တွေလာရောက်တွေ့ဆုံချိန်မှာလည်း စီခမ်းကြီးဒေသခံတွေ ထပ်ပြီးတောင်းဆိုခဲ့တာကြောင့် လွတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ခရီးစဉ်မှာပေါ့ ဝန်ကြီးချုပ်က သွားပြီး အလှူငွေတို့ဘာတို့ပေးတာပေါ့ ပေးတဲ့အခါ တင်ပြစရာဘာရှိလဲဆိုတော့ စီခမ်းကြီးရွာသားတစ်ယောက်ကနေပြီးတော့ ကျွန်တော်တို့ ရွာသား ၁၄ ယောက် စီဟဲဂိတ်မှာ ဖမ်းခံထားရတာလွတ်ပေးဖို့ဆိုပြီး တင်ပြလိုက်တာလို့ပြောပါတယ်။

အဲ့ဒီဖမ်းဆီးခံရသူတွေထဲက အသက် ၄၄ နှစ်အရွယ် ဦးဝင်းမော်ဆိုသူဟာ အရင်စစ်မှုထမ်းဟောင်း တစ်ဦးရဲ့ သမက်ဖြစ်ပြီး ရွှေကျင်းထောင်ထားတဲ့သူဖြစ်ကာ စီခမ်းကြီးရွာကသူရဲ့တပည့် ၁၃ ယောက်နဲ့အတူ ဖမ်းခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံတစ်ယောက်ရဲ့ ပြောဆိုချက်အရ လွတ်မြောက်လာသူ ၁၄ ယောက်ထဲက တစ်ယောက်ဟာ ထိုးကြိတ်ရိုက်နှက်ခံထားရတယ်လို့သိရပါတယ်။

မနေ့က အဲ့တာ သိမ်တော်ကြီးကို ရောက်ပြီးမေးတော့ ပြန်လွတ်ပေးဖို့တင်ပြတဲ့တစ်ယောက်က တော်တော် ဒေါသထွက်နေတယ်။ ဒါတွေကတော့ မှတ်တမ်းယူရမှာ အခုချိန်ဘာဘဲဖြစ်ဖြစ် တစ်ချိန်မှာ ဘယ်လိုဘဲဖြစ်ဖြစ် မှတ်တမ်းယူထားမယ်ဆိုပြီး ပြောနေတာလို့ပြောပါတယ်။

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင်း အရပ်သားတွေထိခိုက်သေဆုံးတာအပြင် ကျေးရွာနေပြည်သူတွေဟာ လက်ရှိထိချိန် ဗန်းမော်မြို့နဲ့ ဘေးလွတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button