တိုက်ပွဲသတင်း

ရွှေကူအထက်လေးလမ်းဆုံ ဂိတ်ကိုလာတိုက်တဲ့ စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ

ကချင်ပြည်နယ် ရွှေကူမြို့အထွက် ရွှေကူနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တွေထိန်းချုပ်ထားတဲ့ အထက်လေးလမ်းဆုံဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေက အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ် LPDF အဖွဲ့က သိရပါတယ်။

ရွှေကူဗန်းမော်မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ LPDF တွေရဲ့ အထက်လေးလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်အင်အား ၅၀ ကျော်ပါတဲ့စစ်ကြောင်းက မနေ့ နေ့လည် ၁၂ နာရီအချိန်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်တွေဘက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီးပြန်ဆုတ်သွားတယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

ပထမတော့ကျွန်တော်တို့ဘက်က ၁၀ ယောက်ပဲရှိတော့ခနပြန်ဆုတ်ပေးလိုက်တာ။ ခနကြာတော့ KIA KPDF တွေထပ်ရောက်လာတော့ထိုးစစ်ပြန်ဆင်ပြီးမှ သွားတိုက်တာ အထိနာပြီးပြန်ဆုတ်သွားတယ်။ သူတို့အားလုံး ၁၂ ယောက်ထိတယ် ၈ယောက် ကတော့ကားပေါ်ကိုတင်သွားတယ်။ ကျန်တဲ့လေးယေက်က နည်းနည်းပဲထိသွားတယ်လို့သူကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၇၇နှင့် တပ်မ ၈၈ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး KIA KPDFနှင့် LPDF ပူးပေါင်းတပ်တွေက လက်နက်ကြီး၊လက်နက်ငယ်တွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့် မိနစ်သုံးဆယ်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အထိနာပြီးပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

တိုက်ပွဲကသိပ်တော့မကြာဘူးနေ့လယ် ၁၂နာရီ ကနေစဖြစ်တာ ၁နာရီခွဲ အထိမိနစ်သုံးဆယ်ကျော်ပဲကြာတယ် ကျွန်တော်တို့ဘက်ကတော့တစ်ယောက်ပဲ နည်းနည်းထိထားတယ်လို့အထက်တာဝန်ရှိသူကဆက်ပြောပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ဘက်ကို ပြန်ဆုတ်ခွာသွားပြီး အဲဒီ စစ်ကြောင်းနဲ့အတူ ရွှေကူအထက်လေးလမ်းဆုံအနီး ဒေသအခေါ် ရဲခြံ(ရဲမိသားစုစိုက်ပျိုးခြံ)ထဲမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက တပ်စွဲထားတဲ့ စစ်ကြောင်းလည်း ရွှေကူမြို့တွင်းတပ်ဘက်ကိုပြန်ဆုတ်ခွာသွားပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ရဲခြံထဲမှာနယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက် မ‌နေ့က စစ်ကောင်စီတပ်တွေတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ ရွှေကူအထက်လေးလမ်းဆုံဂိတ်ဟာ KIA KPDF နဲ့ LPDF တပ်တွေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက စစ်ဆေးရေးဂိတ်ထိုင်ထားတဲ့နေရာဖြစ်ပါတယ်။

လက်ရှိရွှေကူမြို့တွင်းတပ်နဲ့ရဲစခန်းတွေမှာတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း မြို့လှ မြို့တပ်ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက ကျောက်ကြီးရဲစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီသားတွေပူးပေါင်းထားတာကြောင့်ရွှေကူမြို့ထဲမှာ စစ်သားအင်အားများနေတယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၄ရက်နေ့ကလည်း ရွှေကူအထက်ဘက် ဝေခူးကျေးရွာနဲ့ ငဘတ်ကြီးကုန်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်းတွေထဲကို အင်အား ၅၀ စီပါတဲ့စစ်ကြောင်း နှစ်ကြောင်းဝင်ရောက်လာပြီး အင်အားဖြည့်ထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်အစပ်မှာရှိတဲ့ မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာစစ်ကောင်စီတပ် ဗျူဟာကုန်းကို KIAKPDFLPDF ပူးပေါင်းတွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ရွှေကူနယ်ထဲမှာ စစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားမှုခပ်စိပ်စိပ်ဖြစ်နေပြီး အင်အားတွေလည်းဖြည့်နေတယ်လို့သိရပါတယ်။

ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ရေကြောင်းအရ အရေးပါတဲ့နေရာမှာရှိတာကြောင့် နှစ်ဖက်တပ်တွေအကြား မကြာခနထိတွေ့တိုက်ပွဲပြင်းထန်ကာ KIAKPDFLPDF တပ်တွေအားကောင်းတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

ဒါ့အပြင် ရွှေကူမြို့နယ်ဟာ KIA ရင်း ၁၂ နဲ့ ရင်း ၆ ထိန်းချုပ်မှူအောက်မှာရှိတာလည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button