တိုက်ပွဲသတင်း

ကသာနယ်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ငါးတဲကျေးရွာအုပ်စုထဲက ပျဥ်ထောင်လေးကျေးရွာ နဲ့ ပျဥ်ထောင်ကြီးကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာ နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာ ၂ ရွာဟာ စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာနဲ့ ရှမ်းပြည်နယ် ငအိုးကျေးရွာကြားမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်တပ်ကမတ်လ ၁ရက်နေ့ မှာတစ်ကြိမ် ဒီကနေ့ မနက်ပိုင်းမှာတစ်ကြိမ် ၂ ရက်ဆက်တိုက် ဗုံးကျဲသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဒီနေ့မနက်က မနက် ၁၀ နာရီကျော်ကျော်လောက်မှာလာကျဲသွားတယ်။ ပျဥ်ထောင် လေးကောပျဥ်ထောင်ကြီးကောကျဲသွားတယ် အထိအခိုက်ကတော့သေချာမသိရသေးဘူး မနေ့ကလေးကျဲသွားတယ်လေး မနေ့ကတော့လူထိတာမရှိဘူးပြောတယ်။ အိမ်နည်းနည်းထိတာရှိတယ်လို့ပျဥ်ထောင်လေးဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ 

ဒေသခံတွေပြောပြချက်အရ ပျဉ်ထောင်လေးရွာနဲ့ ပျဉ်ထောင်ကြီးရွာဟာ တစ်ဆက်တည်းရှိတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ မနေ့က ညနေ ၄နာရီမှာ ဗုံး ၃ လုံး၊ ဒီကနေ့မနက် ၁၀ နာရီမှာ ၂ လုံးကျဲသွားတယ်လို့ ဆိုပါတယ်။

လာတာကတစ်စီးထဲပါ ဒီမနက်က ၂ကြိမ်ချသွားတယ် ဘာမှစစ်ကြောင်းထိုးတာလည်းမရှိဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီတိုင်းကြီး လာကျဲသွားတာလို့ အသက် ၅၀ ကျော်အရွယ်ရှိအခြားဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီပျဥ်ထောင်လေးနဲ့ပျဥ်ထောင်ကြီးကျေးရွာဟာ စစ်ကိုင်း၊ကချင်နဲ့ ရှမ်းပြည်နယ်အစပ် တြိဂံနယ်မြေထဲမှာရှိိတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေရဲ့ နေအိမ်ထိခိုက်ပျက်စီးတာတွေရှိပြီး လူထိခိုက်မှုရှိမရှိကိုတော့ အသေးစိတ်မသိရသေးပါဘူး။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာလည်း ကသာမြို့နယ်ထဲက ကျောက်ထုံးကြီးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာ ၄ စီးအပါအဝင် Mi 35 ပါ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေရဲ့ နေအိမ်ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

ကသာမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ရေကြောင်းအရ အချက်ချာကျတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button