မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 အဲဒီရွှေလုပ်ကွက်တွေကို မချမ်းဘော့မြို့ ရပ်ကွက်  အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့စကာ တူးဖော်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ပူတာအိုမြို့နယ် စစ်တပ်ဗျူဟာမှူးကနေ ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ ရွှေလုပ်ကွက်တာဝန်ခံတွေအားလုံးခေါ်ပြီး အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပြီး အဲဒီအစည်းအဝေးမှာ ပူတာအိုမြို့နယ်မှာ တရားမဝင်ရွှေလုပ်ကွက်ရှိသမျှတွေကို ဒီရက်ပိုင်း မီးရှို့ဖျက်ဆီးဖမ်းဆီးတာတွေ စလုပ်တော့မယ်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ချမ်းဘောမြို့ ရပ်ကွက်  အုပ်ချုပ်ရေးမှူးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစည်းအဝေးကနေအပြန် ရွှေလုပ်ကွက်ထဲ လာရောက်ပြီး လုပ်ကွက်အားလုံးရပ်နားလိုက်ပြီဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရွှေတူးဖော်တာဟာ မြို့ရွာထိခိုက်စေမှာမဟုတ်ဘဲ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် အတူပူးပေါင်းလုပ်ကြတာဖြစ်တယ်လို့ မချမ်းဘော့ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ကျွန်တော်တို့က ကျွန်တော်တို့ ဒေသခံတွေ အတူပူးပေါင်းလုပ်စားကြတာကို ဘာမှပြောစရာမရှိဘူး၊ မြို့ကိုလည်းမထိဘူး၊ အဲ့ဒီ သဲပြင်တွေကကို စုပ်ယူတာဘဲ  ကျွန်တော်တို့က တစ်ခြားဝေးတဲ့နေရာတွေမှာလည်း မသွားနိုင်ကြဘူးလေ၊  သူတို့တွေ တူးကြရအောင်ဆိုပြီး လုပ်ကြတာကို အခုက နှစ်ရက်သုံးရက်နဲ့  သိန်းကထည့်ထားပြီးပြီကို ပိတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

ဒေသခံတွေဟာ ရွှေတူးဖော်ဖို့အတွက် လုပ်ကွက်တစ်ကွက်မှာ ဝင်ကြေး  သိန်းခွဲ၊ လစဉ်ကြေး ၂သိန်းခွဲ စုစုပေါင်း  သိန်းထည့်ဝင်ပြီးရွှေတူးဖော်တာ စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သုံး၊လေးရက်သာလုပ်ခဲ့ရချိန် လုပ်ကွက်ကိုပိတ်လိုက်ရတာကြောင့် အုပ်ချုပ်ရေးမှူးဆီမှာအခွန်ဆောင်ထားတဲ့ ငွေတွေကို ပြန်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီလုပ်ကွက်မှာ စုစုပေါင်း ရေငုပ်ဆိုင်း ၄၀ကျော်ရှိတာဖြစ်ပြီး အဲ့ဒီ ရေငုပ်ဆိုင်းတွေအပါအဝင် ရွှေလုပ်ကွက်အားလုံး အုပ်ရေးမှူးကို ပေးဆောင်ထားတဲ့ငွေကြေးဟာ စုစုပေါင်း သိန်း ၂၀၀လောက်ရှိတာဖြစ်ပြီး လုပ်ကွက်ရပ်နားလိုက်ပြီဖြစ်တဲ့တွက် အဲ့ဒီငွေကြေးတွေကို ဒေသခံတွေဆီ ပြန်ပေးဖို့နဲ့ ဖြေရှင်းပေးဖို့ နေ့တိုင်းပြောဆိုနေပေမဲ့ အုပ်ချုပ်ရေးမှူးဘက်က တစ်စုံတစ်ရာဖြေရှင်းပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။

ဒီငွေကြေးနဲ့ပတ်သက်ပြီး မချမ်းဘောမြို့ ရပ်ကွက်  အုပ်ချုပ်ရေးမှူးကို KNG ကဆက်သွယ်မေးမြန်းရာမှာတော့ ဒီငွေတွေအားလုံး ရန်ပုံငွေအနေနဲ့ တောင်းခံတာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေကို ပေးဆောင်လိုက်ပြီဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက KNG ကိုအခုလိုပြောပါတယ်။

ထည့်ပြီးသားပိုက်ဆံကို ကျွန်တော်တို့ လက်ထဲမှာမရှိဘူး၊ ဆိုင်ရာဆိုင်ရာကို အခုလိုပေါ့ လူကြီးတွေကိုပေးလိုက်တဲ့အတွက် ကျွန်တော်တို့ဆီမှာမရှိတော့ဘူး၊ အဲ့တာကြောင့် လာတဲ့သူတိုင်းကိုဖြေရှင်းပေးပါတယ်။ ပြန်ပေးဖို့အတွက်တော့ ကျွန်တော်တို့ လက်ထဲမှာမရှိတော့ ဘာပြန်ပေးရမလဲလို့ ပြောပါတယ်။

ဒါ့အပြင် ဒီရွှေလုပ်ကွက်အားလုံး အုပ်ချုပ်ရေးမှူးဦးဆောင်ပြီးလုပ်ခဲ့တာမျိုးမရှိခဲ့သလို တရားဝင်လုပ်ကွက် မဟုတ်တဲ့အတွက် နှစ်ဖက်နားလည်မှုအနေလုပ်ခွင့်ပေးခဲ့တာဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်း ရွှေတူးချင်တာဖြစ်တဲ့အတွက် အတူပူးပေါင်းလုပ်ခဲ့ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။  

အဲဒီ ရွှေလုပ်ကွက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ လောက်ကနေစတင်လုပ်ခဲ့ကြတာဖြစ်ပြီး တစ်လတူးဖော်ခွင့် လုပ်ခဲ့ကြတာဖြစ်ပေမဲ့ လူကြီးခရီးစဉ်ရှိချိန်ရပ်နားခဲ့ရတဲ့အတွက် ဒေသခံတွေအနေနဲ့ စလုပ်တဲ့နေ့ကနေ ပိတ်လိုက်တဲ့ရက် ဖေဖော်ဝါရီလ ၂၉ ရက်အထိ သုံးလေးရက်လောက်သာလုပ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ ဒီရွှေလုပ်ကွက်တူးခွင့်ရဖို့အရေး အတိုးနဲ့ချေးယူတာအပြင် ရှိရှိသမျှပစ္စည်းဥစ္စာတွေပေါင်နှံပြီး အခွန်ပေးဆောင်ထားသူတွေလည်းရှိတာကြောင့် အုပ်ချုပ်ရေးမှူးဆီသွင်းထားတဲ့အခွန်ငွေကြေးကို ပြန်တောင်းနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုမြို့နယ်မှာ အာဏာသိမ်းပြီးနောက် မချမ်းဘော့မြို့နယ်အောက်ဘက် မလိခ မြစ်တစ်လျှောက်၊ နမ်ထူခူးကျေးရွာ အနီးဝန်းကျင်နေရာတွေနှင့် လုံရာယာန်အနီးဝန်းကျင်၊ ဆွမ်ပရာဘွမ်မြို့နယ်ထဲက ပူတာအို မြို့နယ်ထဲ နယ်နိမိတ်ချင်းထိစပ်တဲ့နေရာတွေမှာလည်း စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြားပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

By – BU BU

Show More

Related Articles

Back to top button